DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၆,၀၀၀ ကျော် စားနပ်ရိက္ခာ အခက်ကြုံ
DVB
·
June 30, 2022
ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၆,၀၀၀ ကျော် စားနပ်ရိက္ခာ အခက်ကြုံ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ တပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာ ၃၀ ရှိ ဒေသခံပြည်သူ ၁၆,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာအတွက် အခက်အခဲ‌တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဇွန် ၂၉ ရက်က ကျောက်ကြီးမြို့နယ် ကရင်လူငယ်အစည်းအရုံးကနေ သိရပါတယ်။

ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း စစ်ကောင်စီက နယ်မြေကျူးကျော် ဝင်ရောက်လာပြီး မုန်းမြို့နယ်အတွင်းက နောင်ကုန်းကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာနဲ့  ကျောက်ကြီးမြို့နယ်အတွင်းက ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း စတဲ့ ကျေးရွာပေါင်း ၃၀ က ဒေသခံပြည်သူတွေကို ခြိမ်းခြောက်မောင်းထုတ်ခဲ့တဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်တွေ့ကြုံနေရတာလို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ် ကရင်လူငယ်အစည်းအရုံး တာဝန်ရှိသူက “သူတို့တွေ (စစ်ကောင်စီ) က လက်နက်ကြီးနဲ့ လူရှိတယ်ထင်တဲ့နေရာတွေကို တောက်လျှောက်ပစ်နေတဲ့ အခါကျတော့ နောက်ဆက်တွဲပြဿနာက သူတို့တွေရဲ့ စားနပ်ရိက္ခာ လူမှုဘဝလုံခြုံမှုပေါ့။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ ဒုက္ခရောက်နေတာတွေရှိတယ်” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီက ပြည်သူပြည်သားတွေကို ရန်သူလို ရည်ရွယ်ချက်ရှိရှိ လက်နက်နဲ့ ခြိမ်းခြောက်ပစ်ခတ်နေတာတွေကို နိုင်ငံတကာနဲ့ ကမ္ဘာသိအောင် ပြောဆိုလုပ်ဆောင်သွားမယ်လို့ ကရင်လူငယ်အစည်းအရုံး တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအမျိုးသမီးတဦးက “ကျမကိုယ်တိုင်က တိမ်းရှောင်နေရတယ်။ ကျမတို့ကျတော့ ဆွေမျိုးအနီးအနားရှိတဲ့နေရာမှာ တိမ်းရှောင်နေရတယ်ဆိုတော့ စားရေးသောက်ရေးက ရွာကကျွေးတယ်။ တခြားရွာကလူတွေက တောင်ပေါ်မှာနေတဲ့သူတွေ အခက်အခဲတွေက ကျမတို့ထက်ပိုပြီးတော့ ရင်ဆိုင်ရတယ်။ သူတို့ကိုတော့ မိခင်(ကေအန်ယူ)အဖွဲ့အစည်းက လိုအပ်တဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေးအတွက် ထောက်ပံ့ထားတယ်။ ဒါပေမဲ့ လုံလုံလောက်လောက်တော့ မဟုတ်ဘူး။ လိုအပ်ချက်တွေက အများကြီးပဲရှိတယ်” လို့ ဆိုပါတယ်။

ဇွန် ၂၈ ရက် မနက် ၇ နာရီလောက်က ဝဲလဗျင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ KNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၃ ယောက် သေဆုံးခဲ့သလို မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီ ခလရ ၆၀ တပ်ရင်းက ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်အတွင်းကို ဒရုန်းနဲ့ လက်နက်ကြီး ပစ်ချခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးပစ်ချခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး နော်အယ်စေးဖော (၃၀ နှစ်) ရဲ့ ဘယ်ဘက်လက်မောင်း ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် စပ်လဲကျေးရွာအနီးက ဒေသခံ စောပန်းသီးရဲ့တဲလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

အလားတူ ဇွန် ၂၈ ရက်က ရွာကန့်လန့်ကျေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်က ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီးနဲ့ ရွှေသောင် စတဲ့ ကျေးရွာတွေအပြင် ဇွန် ၂၇ ရက်က စစ်ကောင်စီတပ်က မေတ္တာရပ်ကွက်နဲ့ သိမ်တန်းရပ်ကွက်ရှိ ပြည်သူလူထုတွေကို ထွက်ခွာသွားဖို့ ခြိမ်းခြောက်မောင်းထုတ်ခဲ့ပါတယ်။

ဇွန် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ KNLA တပ်ဖွဲ့တို့ ထိပ်တိုက်တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးခဲ့သလို KNLA တပ်ဘက်က ထိခိုက်သေဆုံးသူ မရှိဘူးလို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း ဒေသခံ ကရင်လူမှုရေးရာအဖွဲ့၊ ကရင်လူငယ်အစည်းအရုံးနဲ့ ကရင်အမျိုးသမီးအဖွဲ့အစည်းတို့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျွန်းကုန်း၊ ဝက်လာတော၊ အုတ်မြေဒူး၊ ကြိမ်တောမြောင်၊ ပတ္တလား စတဲ့ ကျေးရွာပေါင်း ၁၁ ရွာက ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းက ကျောင်းသားကျောင်းသူ ၄၇၆ ယောက်ဟာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စာသင်ကျောင်းတွေကို ပိတ်သိမ်းထားရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013