ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဇွန် ၂၆ ရက်နေ့က စတင်ကာ ထောင်ဝင်စာပေးပို့မှု ကန့်သတ်ခဲ့တယ်လို့ အကျဉ်းထောင်အသိုင်းဝိုင်းက ပြောပါတယ်။
စစ်ကောင်စီက အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပေးပို့မှု ကန့်သတ်ဖို့ တကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေအပါအဝင် ကျန်းမာရေးအတွက် ဆေးဝါးတွေ ပေးပို့မှုဖို့ကာ ကန့်သတ်ဖို့ ညွှန်ကြားခဲ့တာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ကန့်သတ်လိုက်တာက အစားအသောက်တွေရော၊ ဆေးဝါးတွေရော၊ အသုံးဆောင်ပစ္စည်းတွေရောပေါ့။ ပြောရရင် အားလုံးနီးပါး ကန့်သတ်လိုက်တာ။ အရင်က ကော်ဖီမစ် အထုပ်ကြီး ၁ ထုပ်ပို့လို့ရရင် ခု ၇ ထုပ်ပဲ ပို့လို့ ရတော့တယ်” လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပေးပို့မှု စစ်ကောင်စီက ကန့်သတ်ခဲ့သလို အကျဉ်းထောင်ဝန်ထမ်းတွေကို ဝယ်ယူပေးဖို့အတွက်လည်း ၁ ပတ်ကို ငွေ ၂၅၀၀၀ ကျပ်ဖိုးအထိသာ ခွင့်ပြုတဲ့ သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်ပြီး ဖျားနာလို့ ဆေးတွေပေးပို့ခြင်းရင်တောင် ဆေးလက်မှတ် ထောက်ခံချက်ရှိမှ ပေးပို့လို့ရမှာဖြစ်သလို ပေးပို့လာတဲ့ဆေးတွေကိုလည်း အကျဉ်းသားတွေကို သိမ်းဆည်းခွင့်မပေးဘဲ အကျဉ်းထောင်မှာရှိတဲ့ ဆရာဝန်ဆီအပ်နှံရမှာဖြစ်ပြီး အကျဉ်းထောင်ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှာသာ သုံးစွဲရမယ်ဆိုတဲ့ အချက်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။