စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြိုနယ် စီးမော်ရွာနဲ့ သောင်ကြီးရွာအနီး ဇွန် ၂၉ ရက်နေ့ မနက်က စစ်ကောင်စီတပ်တွေနဲ့ KIA၊ ကသာတပ်ရင်း(၂) ဗန်းမောက် PDF၊ အင်းတော် PDF၊ ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ စစ်ကောင်စီဘက်က တပ်သား ၅ ယောက်သေဆုံး၊ ၅ ယောက် အရှင်ဖမ်းမိပြီး လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ Banmauk Revolution-BR က ထုတ်ပြန်ထားပါတယ်။
“ဖမ်းဆီးရမိထားတဲ့သူတွေကို NUG လမ်းညွှန်ချက်နဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်၊ ရရှိထားတဲ့ သက်သေခံပုံတွေကို လုံခြုံရေးအတွက် လက်ရှိအချိန်မှာ မပြသသေးဘဲ သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်ပေးသွားပါမယ်” လို့ BR အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကသာ၊ အင်းတော်၊ ဗန်းမောက်မြို့နယ်များမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ ပျူစောထီးတွေက ကျေးရွာတွေကို မီးရှို့ဖျက်စီးကာ လုယက်ခိုးယူကြတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်ကြောက်ရ၊ ဖိုးသမားဘိန်းစား ကြောက်ရပါဆရာရေ၊ အခုလည်း ရွာမှာ မနေရဲတော့ဘူး၊ မထင်ရင် မထင်သလို လက်နက်ကြီးနဲ့ ပစ်လိုက်ထုလိုက်လုပ်နေကြတာ၊ အိမ်လည်း ဒီ အတိုင်းထားခဲ့ရတာ၊ ပြာကျမသွားပါစေနဲ့ ဆုတောင်းနေရတာပဲ ဆရာရေ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတယောက်က ဒီဗွီဘီကိုပြောပါတယ်။
စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်း စစ်ကြောင်းထိုးနေသလို ဒေသခံတွေကို ဖမ်းဆီးခြိမ်းခြောက်သတ်ဖြတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက ပြောဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။