
ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အာဏာသိမ်း စစ်ကောင်စီက နောက်ထပ်စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၂ မှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ် တရားစွဲထားတာဖြစ်ပါတယ်။
စစ်ကောင်စီက စွဲဆိုထားတဲ့ အဲဒီအမှုတွေမှာ တရားစွဲ အဖွဲ့အစည်း ခွင့်ပြုမိန့် မပါတဲ့အတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ရှေ့နေအဖွဲ့က အမှုဖြစ်စဉ် တစ်ခုလုံးကို ချေဖျက်ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို လျှောက်ထားခဲ့တာပါ။
အဲဒီအမှုတွေအတွက် ဇွန် ၂၉ ရက်မှာ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ ပယ်ဖျက်ကြောင်း စီရင်ချ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု ဖြစ်တဲ့ ပုဒ်မ ၁၇၁(စ) ရဲ့ အမှု ၂ မှုကနေ လွတ်မြောက်သွားတာပါ။
ဒါပေမဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု နောက်တမှု ဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) အတွက် ဆက်လက် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့ထားရသလို ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ ချမှတ်ခံထားရတာပါ။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။