ငလျင်ဒဏ်ခံခဲ့ရသည့် အာဖဂန်တွင် အကူအညီပေးရေး စင်တာတခု တည်ထောင်

အာဖဂန်နစ္စတန်နိုင်ငံမှာ ဇွန်လ ၂၂ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ဗဟိုချက် ခို့စ်ထ်ဒေသမှာ နိုင်ငံတကာမှ အလှူငွေတွေကို လက်ခံပြီး လိုအပ်နေသူတွေဆီ ဖြန့်ဝေပေးဖို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး စင်တာတခု တည်ထောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း လူအသေအပျောက် အများဆုံးဖြစ်ပါတယ်။

ငလျင်ကြောင့် အိမ်ခြေ ၃,၀၀၀ ကျော် ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၁,၅၀၀ သေဆုံးကာ ၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တာပါ။

တာလီဘန်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရရဲ့ ပြောကြားချက်အရ အဲဒီစင်တာကို နိုင်ငံတကာအသိုင်းအဝိုင်းက လှူဒါန်းတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လက်ခံရယူဖို့ အဓိက တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ငလျင်ဒဏ် အဆိုးရွားဆုံးခံရတဲ့ ပက်တီကာနဲ့ ခို့စ်ထ်ပြည်နယ်တွေဆီ မလွှဲပေးရသေးခင် ဆောက်ခဲ့တာလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် ပက်တီကာပြည်နယ်ရဲ့ ဘာမားလ်ခရိုင်ကို ဦးတည်တဲ့ ထရပ်ကား သုံးစီးကနေ လေးစီးအထိ စေလွှတ်ထားကြောင်းနဲ့ အခုချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ချောမွေ့စွာ လုပ်ဆောင်နေကြောင်း အကူအညီပေးရေးဌာနက အဖွဲ့ခေါင်းဆောင် ဟိုမာယန်က ပြောကြားခဲ့ပါတယ်။

ရွက်ဖျင်တဲတွေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေဟာ ငလျင်ဒဏ်ခံ မိသားစုတွေအတွက် အလိုအပ်ဆုံး ဖြစ်ပါတယ်။

ပါကစ္စတန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေကနေ လှူဒါန်းတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လိုအပ်နေသူတွေ ဖြန့်ဖြူးနေပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အာဖဂန်နစ္စတန်ကို ယွမ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၇သန်းခွဲ) တန်ဖိုးရှိ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့ပြီး ပထမ နှစ်သုတ်မှာ ပေးပို့လိုက်တဲ့ ပစ္စည်းတွေဟာ အာဖဂန်နစ္စတန်ကို ရောက်ရှိလာပြီးဖြစ်ပါတယ်။

//
More News
Up