Home
မြန်မာသတင်း
ညီမဖြစ်သူ ထောင်ကျနေချိန် နေအိမ်ကို ရောင်းချပြီး အမွေခွဲရန် ဦးအောင်ဆန်းဦး ကြိုးပမ်း
DVB
·
June 29, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရချိန် သူ့ရဲ့ အစ်ကိုတော်စပ်သူ ဦးအောင်ဆန်းဦးက နေအိမ် အမွေရလိုမှုနဲ့ စွဲထားတဲ့အမှုကို   ဇွန်လ ၂၇ ရက်နေ့က နောက်ဆုံးအကြိမ်အဖြစ် ပြည်‌ထောင်စုတရားလွှတ်တော်မှာ ကြားနာခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ရှိနေအိမ်ကို ဘယ်လိုအမွေခွဲမယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ဦးအောင်ဆန်းဦးက တင်သွင်းခဲ့တဲ့ အထူးအယူခံကို တရားရုံးကလက်ခံခဲ့တာ ဖြစ်ပါတယ်။

တရားရုံးရဲ့ အထူးခုံရုံးကနေ ၃ လအတွင်း အမိန့်ချမှတ်မှာဖြစ်ပြီး ဒါဟာ နောက်ဆုံးအမိန့်ဖြစ်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ရှေ့နေ ဦးအေးလွင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။

အငြင်းပွားမှုမှာဆုံးဖြတ်ရခက်တဲ့အချက်က အမွေကိုဘယ်လိုခွဲဝေမယ်ဆိုတဲ့ အချက်ဖြစ်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ရှေ့နေ ဦးအေးလွင်ကပြောကြားပြီး အဲဒီအိမ်ဟာ ဒေါ်လာသန်း ၉၀ လောက်တန်ကြေးရှိတယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့ အိမ်ရဲ့တန်ဖိုးတွက်ချက်မှုကိုတော့ အတည်ပြုလို့မရနိုင်သေးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ဆက်သွယ်လို့ မရကြောင်း AP သတင်းကပြောပါတယ်။

ဦးအောင်ဆန်းဦးဟာ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၀  ပြည့်နှစ်မှာ စတင်တရားစွဲဆိုခြင်းမပြုမီ ဆယ်စုနှစ်အတော်များများတည်းက အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့နေထိုင်နေသူဖြစ်ပါတယ်။

အမွေဝေစုရရှိရေးအတွက် သူ့ရဲ့တရားစွဲဆိုမှုကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလမှာတည်းက တရားရုံးက ပယ်ချခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ဆယ်စုနှစ် နှစ်ခုကျော်ကြာတဲ့အချိန်ထိ အမွေရရှိရေး အကြိမ်ကြိမ်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာကျဆင်းရေးကို စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်နေတဲ့ စစ်တပ်အသိုင်းအဝိုင်းက ဒီအမှုကိုအထမြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးတာလို့လည်း အများစုက ယုံကြည်နေကြပါတယ်။

၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မောင်နှစ်မနှစ်ယောက်ကြား အမွေခွဲဖို့ ဆုံးဖြတ်ပေးလိုက်ပေမဲ့ ဒီဆုံးဖြတ်ချက်အပေါ် မတရားကြောင်းနဲ့ အိမ်ကိုရောင်းချပြီး ရတဲ့ငွေကိုခွဲယူရန် ဆုံးဖြတ်ချက်ချပေးဖို့ အောင်ဆန်းဦးက အကြိမ်ပေါင်းများစွာ အယူခံဝင်ခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အယူခံဝင်ချိန်မှာတော့ တရားရုံးက လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က နောက်ဆုံးအကြိမ် ကြားနာမှုမှာ နှစ်ဘက်လုံးကရှေ့နေတွေက နောက်ဆုံးတင်ပြချက်တွေကို တင်ပြခဲ့ကြောင်း AP သတင်းဌာနကို ဦးအောင်ဆန်းဦးရဲ့ရှေ့နေက ပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပြခဲ့ဘူးလို့ဆိုပါတယ်။ “အထူးအယူခံဝင်တဲ့ အကြောင်းက အမွေကိုဘယ်လိုခွဲကြမလဲဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်” လို့ သူကပြောခဲ့တာဖြစ်ပါတယ်။

အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို  အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထောင်ချထားပြီး နှစ်ပေါင်း ၁၀၀ ကျော် ထောင်ဒဏ်ချမှတ်နိုင်တဲ့ အမှုပေါင်းများစွာနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဇာတ်ခုံကနေ အပြီးတိုင်ပျောက်သွားရေးနဲ့ သူတို့ရဲ့ အာဏာသိမ်းလုပ်ရပ်ကိုအကြောင်းပြနိုင်ဖို့ ရည်ရွယ်ပြီး အာဏာသိမ်းစစ်တပ်က အခုလိုအမှုတွေဆင်ကာ စွပ်စွဲတာဖြစ်တယ်လို့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက သဘောပေါက်ထားကြပါတယ်။

အင်းယားကန်စပ်က ကိုလိုနီခေတ်ပုံစံနှစ်ထပ်တိုက်ပါဝင်တဲ့ မြေ ၂ ဧကအကျယ်ရှိ မိသားစုပိုင်ခြံကို အမွေရလိုမှုနဲ့ ၂၀၀၀ ပြည့်နှစ်မှာ ဦးအောင်ဆန်းဦးက ပထမအကြိမ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအိမ်ဟာ ၁၉၄၇ ဇူလိုင်လမှာ  ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် ကျန်ရစ်သူဒေါ်ခင်ကြည်ကို အစိုးရက ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၀ ရွေးကောက်ပွဲမကျင်းပမီ ၁၉၈၉ ခုနှစ်ကန  ၂၀၁၀ ပြည့်နှစ်အတွင်း တက္ကသိုလ်ရိပ်သာလမ်း ခြံနံပါတ် ၅၄ မှာ နေအိမ်အကျယ်ချုပ် ၃ ကြိမ် စုစုပေါင်း ၁၅ နှစ်နီးပါးကြာအောင်နေခဲ့ရပါတယ်။

ထိန်းသိမ်းခံရစဉ်ကာလတစ်လျှောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အကူအညီပေးတဲ့ မိတ်ဆွေတချို့နဲ့အတူ နေထိုင်ခဲ့ရတာဖြစ်ပြီး စားဖို့မလောက်တာကြောင့် ပရိဘောဂတချို့ကို ရောင်းချခဲ့ရတဲ့ အချိန်ရှိခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတရားဟောပြောခွင့် အနည်းငယ်ရခဲ့ပြီး အဲဒီအိမ်ဟာ တရားမဝင်ပါတီဌာနချုပ် ဒါမှမဟုတ် နိုင်ငံရေးစင်မြင့်လေးတခုဖြစ်ခဲ့ပြီး   အိမ်ရှေ့လမ်းပေါ်မှာ လာရောက်စုဝေးခဲ့ကြတဲ့ ထောက်ခံအားပေးသူတွေကို အဲဒီအိမ်ရဲ့ဝင်ပေါက်ကနေ စကားပြောခွင့်ရှိခဲ့ပါတယ်။

အဆိုပါအမှတ် ၅၄ နေအိမ်ဟာ အမေရိကန်သမ္မတ ဟောင်းဘာရက်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ ဟောလီးဝုဒ်သရုပ်ဆောင် မီရှဲလ်ယိုတို့လို ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်တွေ လာရောက်လည်ပတ်ခဲ့ဖူးတဲ့ သမိုင်းဝင် နေအိမ်လည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024