ထိုင်းဘက်တင်ပို့မည့် ဆေးခြောက် ၁ တန်နီးပါး လာအိုရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

လာအိုနိုင်ငံတောင်ပိုင်း၊ ခမ်းမုန့်ခရိုင်၊ ဟင်ပွန်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံဘက်ကို  တင်ပို့ဖို့ပြင်ဆင်နေတဲ့ ဆေးခြောက်အလေးချိန် ၁ တန်နီးပါး ဖမ်းဆီးရမိတယ်လို့  လာအိုအစိုးရသတင်းဌာန LAO PSTV ရုပ်သံက ဇွန်လ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

ဟင်ပွန်မြို့နယ် မူးယစ်ဆေးဝါးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ သင်္ကာမကင်းဖြစ်နေသူတွေရဲ့နောက်ကို ခြေရာခံလိုက်လံနေခဲ့ရာမှာ ဇွန် ၂၁ ရက် ညနေပိုင်းမှာ ဟင်ပွန်မြို့နယ် ဘန့်ဖွန်းခေါအုပ်စု မဲခေါင်မြစ်ကမ်းဘေးက ဟိုင်းလပ်ကား တ စီးပေါ်က အိတ်တွေကို  မဲခေါင်မြစ်ထဲကမ်းကပ်ထားတဲ့ စက်လှေ တစီးပေါ် ပြောင်းရွှေ့ သယ်ဆောင်နေတာကိုတွေ့ရှိပြီး မသင်္ကာလို့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ ဆေးခြောက်တွေဖြစ်နေတာကို တွေ့ရတာလို့ ဆိုပါတယ်။

အိတ်ပေါင်း ၂၄ အိတ်ထဲကနေ လေးထောင့်အတုံးသဖွယ်ပြုလုပ်ထားတဲ့ ဆေးခြောက်အလေးချိန် စုစုပေါင်း ၉၃၉ ကီလိုဂရမ်ကို ဖမ်းဆီးရမိပြီး ဒါနဲ့ပတ်သက်လို့ အသက် ၃၀ ရွယ် အမျိုးသား တယောက်ကိုပါ ဖမ်းဆီးထားကြောင်း၊ အဆိုပါအမျိုးသားကတော့ ဒီပစ္စည်းတွေဟာ သူပိုင်မဟုတ်ဘဲ သယ်ပို့ခ ထိုင်းဘတ် ၃၀၀၀ နဲ့ ထိုင်းဘက်ကမ်းကို ပို့ပေးဖို့ စေခိုင်းခြင်းခံရတာလို့ ဖြေပါတယ်။ 

လာအိုမူးယစ်ရဲတပ်ဖွဲ့ကတော့ သူ့ကိုရော ဆေးခြောက်တင်လာတဲ့ ဟိုင်းလက်စ်ကား ၁ စီး ၊ ဆိုင်ကယ် ၁ စီး နဲ့ စက်လှေကိုပါ ဖမ်းဆီးထားပြီး ပါဝင်ပတ်သက်သူတွေ ဆက်လက်စုံစမ်းနေ တယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ထားပေမဲ့ လာအိုနိုင်ငံမှာတော့ ပယ်ဖျက်ခြင်းမရှိသေးပါဘူး။ 

ကိုးကား - LAO PSTV

//
More News
Up