မောင်တောမြို့နယ်၊ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်မှာ ဇွန် ၂၈ ရက် ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ယောက် ဖမ်းဆီးထားတယ်လို့ ကြိမ်ချောင်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။

ကြိမ်ချောင်းကျေးရွာသားတဦးက “မနေ့က ညနေပိုင်းမှာ ဖမ်းတာလို့ သိရတယ်။ သူတို့က မလေးရှားကိုသွားဖို့ ပွဲစားအချိတ်အဆက်နဲ့ လာကြတာလို့ သိရတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူ ၆ ဦးကို စစ်ဆေးရာမှာလည်း မောင်တောမြို့ကတဆင့် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြပြီး သင်္ဘောလှ(အပြင်)ရွာအနီးမှာ ကားစောင့်ဆိုင်းကာ မောင်တောမြို့ကို လာရောက်ကြတာလို့ ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ယာဉ်မောင်း မျိုးကျော်သူနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၆ ဦးတို့ကို လဝက ဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်​ကလည်း မောင်တောမြို့နယ် ကြိမ်​ချောင်း ၂၄ စစ်​ဆေး​ရေးဂိတ်မှာ အေအေ လွတ်မြောက်နယ်မြေကို စစ်သင်တန်းတက်ရောက်ဖို့ သွားတဲ့ ရခိုင်လူငယ် ၃၁ ယောက်ကို ဖမ်းဆီးပြီး သူတို့ရဲ့ မိဘတွေထံ အပ်နှံပေးခဲ့ပါတယ်။

//
More News
Up