Home
မြန်မာသတင်း
ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် လူရွှင်တော်အီကြာကွေး လက်နက်ကြီးထိမှန် ကျဆုံး
DVB
·
June 29, 2022

ကရင်ပြည်နယ်၊ ဝေါလေခရိုင်၊ ဥကရစ်ထစခန်းသိမ်း တိုက်ပွဲအတွင်း လူငယ်တယောက်ဖြစ်တဲ့ တက်သစ်စလူရွှင်တော် အီကြာကွေးဟာ ဇွန် ၂၈ ရက် မနေ့ညက လက်နက်ကြီး ထိမှန်ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်အီကြာကွေးဟာ ပေါ်ပြူလာဟားအငြိမ့်အဖွဲ့မှာ စူးရှ၊ မဆလာ၊ ဟက်ပီး၊ ပလာတာတို့နဲ့ အတူ ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကိုတော်လှန်ဖို့အတွက် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)ကို ဝင်ရောက်ကာ ရှေ့တန်းကနေ ပါဝင်ပြီးတော့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ရတဲ့ ရဲဘော် အီကြာကွေးရဲ့ ဒီသတင်းအပေါ် စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ ပြည်သူ့ဘက်တော်သား လူရွှင်တော်အသိုင်းအဝိုင်းကရော ပြည်သူတွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်ရင်း ရှေ့တန်းတနေရာက ပါဝင်နေတဲ့ ဟားငါးကောင်အဖွဲ့က လူရွှင်တော် ပိုးလေးကတော့ “အီကြာကွေးရေ ငါ့မှာမျက်ရည်တွေနဲ့ ပြည့်နှက်နေပြီကွာ။ စစ်ခွေးတွေကိုတော်လှန်တဲ့နေရာမှာ ငါတို့လူရွှင်တော်ထဲက လက်ချိုးရေတွက်လို့ရတဲ့အထဲမှာ  မင်းပါတယ်။ မင်းလိုချင်တဲ့ လက်နက်ငါမလုပ်ပေးနိုင်ပေမယ့် လူရွှင်တော်ဝတ်စုံတော့ ငါပေးခဲ့ပါတယ်နော်။”လို့ ရေးသားထားခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်ညက စတင်ကာ စစ်ကောင်စီရဲ့ တပ်စခန်းကို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး စောဝင်းမြင့်၊ ကော်ဘရာစစ်ကြောင်း ဗိုလ်အယ်စေးဝါးတို့ ဦးဆောင်ပြီး ပူးပေါင်းတိုက်ခိုက်နေတာမှာ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စခန်းနေရာ အတော်များများကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပေမဲ့ ဇွန် ၂၉ ရက် မနက် ၁၂ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်ဆဲ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ တိတိကျကျ မသိရသေးပေမဲ့ အများအပြားရှိသလို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းနဲ့  ကော်ဘရာ ပူးပေါင်းစစ်ကြောင်းဘက်က တပ်ဖွဲ့ဝင် ၁၃ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဥကရစ်ထ ခြေကုပ်တပ်စခန်းဟာ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိ လမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတခုဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အနီးအနားက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024