ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ရှရော်ခကျေးရွာရှိ ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းရဲ့ နေအိမ်ကို ဇွန် ၂၉ ရက် ဒီမနက် ၆ နာရီက စစ်ကောင်စီတပ်က ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ လောက် အရပ်ဝတ်တွေနဲ့ လာရောက်ပြီး နေအိမ်ကို သော့ခတ်ချိပ်ပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်မှာတော့ ဘယ်သူမှမရှိဘူး။ မနက် ၆ နာရီလောက်က အရပ်ဝတ်တွေနဲ့ပဲ အယောက် ၅၀ လောက်လာပြီး အိမ်ကို သော့ခတ်သွားတာ။ တခြား ပစ္စည်းတွေ သယ်သွားတာတွေတော့ မတွေ့ဘူး။”

ဦးအောင်ဟိန်းမင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ရရှိထားတာပါ။

လတ်တလော ကချင်ပြည်နယ်အတွင်း မေလပိုင်းကစတင်ပြီး အန်အယ်လ်ဒီပါတီဝင်တွေရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံရမှု ပိုများလာပါတယ်။

//
More News
Up