နေတိုးအဖွဲ့ စစ်သည်အင်အား ၃ သိန်းကျော်အထိ တိုးမြှင့်သွားမည်

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးဟာ အဆင်သင့်ရှိတဲ့ စစ်သည်အင်အား ၃ သိန်း ကျော်အထိ အရှိန်အဟုန် မြှင့်သွားမယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က ဇွန် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

“ကျနော်တို့ဟာ နေတိုးတုံ့ပြန်ရေးတပ်ဖွဲ့ကို အသွင်ပြောင်းပြီး အဆင်သင့်အဆင့်မြင့်တပ်ဖွဲ့ အရေ အတွက်ကို ၃၀၀,၀၀၀ ကျော်အထိ တိုးမြှင့်သွားမယ်” လို့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ခုသီတင်းပတ်နှောင်းပိုင်းကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးမတိုင်မီ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လောလောဆယ် နေတိုးရဲ့ အမြန်တုံ့ပြန်ရေးတပ်ဖွဲ့နဲ့ နေတိုးတုံ့ပြန်ရေးတပ်ဖွဲ့တွေမှာ တပ်ဖွဲ့ဝင် အင်အား လေးသောင်းလောက် ရှိနေပါပြီ။ မက်ဒရစ်ထိပ်သီးအစည်းအဝေးမှာ နေတိုးဟာ မဟာမိတ်အဖွဲ့ရဲ့ ၂၀၁၀ ခုနှစ်က စတဲ့ နောက်ဆုံးဗျူဟာမှာ ရုရှားကို ဗျူဟာမြောက်မိတ်ဖက်အဖြစ် ဖော်ပြတဲ့ ဘာသာစကားကိုလည်း ပြောင်းပစ်မှာပါ။

နေတိုးအဖွဲ့ဝင်အဖြစ် နောဒစ်နိုင်ငံတွေ ပူးပေါင်းရေး ဆွေးနွေးမယ့် မက်ဒရစ် ထိပ်သီးအစည်းအဝေးမတိုင်မီ နေတိုး၊ တူရကီ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့မယ်လို့ စတော့တန်ဘာ့ဂ်က ပြောခဲ့ပါတယ်။

“ကျနော်က ကတိတွေ မပေးပါဘူး၊ ဒါပေမဲ့ တိုးတက်တာ သေချာအောင် ကျနော်တို့ တက်တက်ကြွကြွ လုပ်နေတယ်ဆိုတာ စိတ်ချနိုင်ပါတယ်” လို့ စတော့တန်ဘာ့ဂ်က ပြောပါတယ်။

//
More News
Up