Home
ဆောင်းပါး
မြန်မာ့အရေး နိုင်ငံတကာလေဗားရှင်းကို ရပ်
DVB
·
June 28, 2022

၂၀၂၂ ခုနှစ် ဇွန် ၁၉ ရက်နေ့မှာ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ် ပြည့်တယ်။ ပုတီးနဲ့ မြေးတွေနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းရမယ့် အသက်အရွယ်မှာ နေပြည်တော် ရာဇဝတ်ဂိုဏ်းရဲ့ မတရားချမှတ် ထောင်ဒဏ် ၁၁ နှစ် ကျခံထားရရုံတင်မက ဆက်လက်ရင်ဆိုင်နေရတဲ့အမှုတွေက တသီတတန်း။ နေပြည်တော်က ဘယ်နေရာမှန်းမသိတဲ့နေရာမှာ အကျယ်ချုပ်ထားပြီး အမှုရင်ဆိုင်ဖို့ ခပ်စိပ်စိပ် တရားရုံးထွက်နေရတယ်။ တမင်ကို စိတ်ပန်းလူပန်းနဲ့ ထောင်းထောင်းကြေစေလိုတဲ့ မင်းအောင်လှိုင်ရဲ့ ပက်စက်တဲ့အကြံဆိုး ဖြစ်တယ်။

မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ အစဉ်မညှိုး လန်းဆန်း၊ မွှေးမြလွန်းနေတဲ့ပန်း ဖြစ်ကြောင်း ဇွန် ၁၉ ရက်နေ့မှာ မွေးနေ့ဆုတောင်းခြင်းများစွာနဲ့ သက်သေပြခဲ့ကြတယ်။ ပုသိမ်ရေကြောင်းရဲတပ်ဖွဲ့စုက ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးဆိုရင် ရည်ညွှန်းအမည်မပါဘဲ မွေးနေ့ဆုတောင်းခဲ့တာတောင် အဖမ်းခံရရုံတင်မက သူ့မိသားစုကိုပါ ရဲလိုင်းခန်းပေါ်က ချက်ချင်းနှင်ချတဲ့အထိ ရက်စက်ယုတ်မာကြတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မွေးနေ့အကျဉ်းကို ရှေ့နေတွေစီစဉ်ပေးတဲ့ မွေးနေ့ကိတ်နဲ့ တရားရုံးမှာ တစ်ရက်နောက်ကျပြီးမှ ကျင်းပခဲ့ရတယ်။ နောက်တစ်ရက် ဇွန် ၂၂ ရက်နေ့ကိုရောက်တော့ အမည်မသိလျှို့ဝှက်စွာ ထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော် အချုပ်ထောင်ထဲ ပြောင်းရွှေ့လိုက်ပြီဆိုတဲ့သတင်းက ရုတ်ခြည်း အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာတဲ့ တောမီးပမာ မြန်မာ့နယ်နိမိတ်ကို ကျော်လွန်ပျံ့နှံ့ခဲ့ တယ်။

နေအိမ်အကျယ်ချုပ်မှာ အတူနေထိုင်နေသူတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါခွင့်မရ။ ထောင်တွင်း သီးသန့်အဆောက်အအုံတစ်ခုမှာ တစ်ဦးတည်း၊ အမျိုးသမီးထောင်ဝန်ထမ်း ၃ ဦးကို စီစဉ်ပေးထားတယ်တဲ့။ လတ်တလော သတင်းတွေအရ ပုံမှန်ထောင်ဝင်စာတွေ့ခွင့်ရတယ်လို့ ဆိုပေမဲ့ မနက်ဖြန်(သို့မဟုတ်) သိပ်မကြာခင်မှာ နေ့စဉ် ထောင်ဝင်စာတွေ့ခွင့်ရချင်မှရနိုင်မှာပါ။

ဘာကြောင့်လဲဆိုတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို ထောင်ထဲပို့တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်စောင့်ရှောက်ပေးမယ့်သူတွေ မရှိအောင် ဖယ်ရှားလိုက်တဲ့ အကြံဆိုးကြောင့် ဖြစ်ပါတယ်။ နေပြည်တော်ရာဇဝတ်ဂိုဏ်းရဲ့ ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို အသိုင်းအဝိုင်းတစ်ခု လုံးဝမရှိစေလိုဘဲ တစ်ကိုယ်တော်အထီးကျန်စွာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေလိုဟန်တူပါတယ်။ ဒါ့ကြောင့် ဒေါ် အောင်ဆန်းစုကြည်အတွက် စားစရာ ထောင်ဝင်စာပေးပို့နေတဲ့ အရင်အကျယ်ချုပ်ဘဝ အတူနေသူတွေကို နေပြည်တော်ကနေ ဖယ်ရှားလိုက်တာမျိုး၊ ထောင်ဝင်စာမပို့နိုင်အောင် အဟန့်အတားပြုတာမျိုး လုပ်လာနိုင်ပါတယ်။

ဘာကြောင့် အခုလို ထောင်ထဲပို့တာလဲဆိုတာကို နေပြည်တော်ရာဇဝတ်ဂိုဏ်းရဲ့ အကြောင်းပြချက်က သက်ဆိုင်ရာ တရားရုံးတွေက တရားစီရင်ပြီး ဖြစ်တယ်၊ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆို မတရား ထောင်ဒဏ်ကျခံပြီးဖြစ်တဲ့ သမ္မတဦးဝင်းမြင့်ကိုကျတော့ ဘာ့ကြောင့် ထောင်ထဲ မပို့တာလဲလို့ မေးရင် ဘယ်လိုဖြေမလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒါပေမဲ့ နေပြည်တော်ရာဇဝတ်ဂိုဏ်းဆီကနေ ကျိုးကြောင်းဆီလျော်တဲ့ အဖြေမျိုးကြားရမှာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်ရဲ့ စိတ်ကူးတည့်ရာနဲ့ စိတ်ရိုင်းပေါက်ရာ မှန်သမျှဟာ ကျိုးကြောင်းဆီလျော်စရာမလိုဘဲ ဖြစ်ချင်သလို ဖြစ်နေတာကြောင့်ပါပဲ။

ဒါ့ကြောင့် အခုလို ထောင်ထဲပြောင်းပို့တယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားပြီးသား အစီအစဉ်မဟုတ်ဘဲ မင်းအောင်လှိုင် ရုတ်တရက်ထွက်ပေါ်လာတဲ့ မိုက်မဲမှုလို့ ထင်ရပါတယ်။ ဇွန် ၁၉ ရက်နေ့က ပြည်တွင်း၊ ပြည်ပမှာ လှိုက်လှိုက်လှဲလှဲ ကျင်းပခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနားတွေကို ကြည့်ပြီး မနာလိုစိတ်ကြီးစွာနဲ့ အကြံပက်စက်လိုက်တာလည်း ဖြစ်နိုင်သလို အကျယ်ချုပ်အိမ်မှာ သူ့အသိုက်အဝန်းလေးနဲ့သူ သက်သောင့်သက်သာရှိနေတယ်လို့ မြင်ပြီး ဆိုးသွမ်းလွန်းလှတဲ့ အကြံဆိုးတွေ ရုတ်ခြည်းထွက်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေက မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းမှုတစ်ခုခုကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် မင်းအောင်လှိုင်ဆိုတာ မလုပ်ရဲတာ ဘာမှမရှိတဲ့ ဉာဏ်ရည်မဲ့ ဂိုဏ်းစတား တစ်ဦးဖြစ်ကြောင်း နောက်ထပ်သက်သေခံချက်လည်း ဖြစ်ပါတယ်။ ပြောရရင် မင်းအောင်လှိုင်ဟာ လီဗာကို ခပ်ပြင်းပြင်းထပ်နင်းကာ မိုက်မဲခြင်းကြီးစွာနဲ့ မြန်မာပြည်သူတွေကိုရော နိုင်ငံတကာကိုပါ ခပ်ပြတ်ပြတ် စိန်ခေါ် လိုက်တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား အနိုင်ရရှိထားတဲ့ အာဏာရပါတီခေါင်းဆောင် ဖြစ်တယ်။ မြန်မာပြည်သူတို့ရဲ့ လူထုခေါင်းဆောင်လည်း ဖြစ်တယ်။ နိုဘယ်လ်ဆုရှင်တစ်ဦးလည်း ဖြစ်သလို ကမ္ဘာ့အဆင့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံရော နိုင်ငံတကာကပါ အတည်ပြုထားတဲ့ အာဆီယံမူ ၅ ရပ်ဖော်ဆောင်ရေးမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကရော နိုင်ငံတကာကပါ အဲဒီလို ရှုမြင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ကျတစ်ဦးသာ ဖြစ်ကြောင်း အဆုံးစွန် မိုက်ကန်းပြလိုက်ပါတယ်။

မင်းအောင်လှိုင်ရဲ့ အခုလုပ်ရပ်ကို နောက်တစ်မျိုးဘာသာပြန်ရရင် အာဆီယံမူ ၅ ရပ်ကိုလည်း ဆောရီး၊ နိုင်ငံတကာဖိအားနဲ့ ပိတ်ဆို့အရေးယူမှုတွေကိုလည်း မမှုဘဲ အပေါ်စီးရောက်နေတဲ့ အထာနဲ့ ခါးထောက် ငေါက်ငမ်းကာ ကိုယ့်လမ်းကိုယ့် ရဲရဲဝံ့ဝံ့ဆက်လျှောက်မယ်လို့  သတင်းပေးပို့ချက်လည်း ဖြစ်ပါတယ်။

ပြောရရင် မင်းအောင်လှိုင်ဟာ ကိုယ်လမ်း ကိုယ့်ဘာသာ ရောက်အောင်လျှောက်မယ်လို့ စိတ်တုံးတုံးချထားပြီးသူမို့ သူ လျှောက်မယ့်လမ်းကို အဟန့်အတားဖြစ်စေတာမှန်သမျှအပေါ် သူ့စိတ်ရူးရိုင်းအတိုင်း တုံ့ပြန်ဖို့ ဝန်မလေးပါဘူး။

ဒါ့အပြင် အခုလို ကမ္ဘာ့အဆင့်နိုင်ငံခေါင်းဆောင်တစ်ဦးကို ထောင်ထဲ ထည့်ရဲတာ ဘာကြောင့်လဲလို့ မေးခွန်းထုတ်ပါက နိုင်ငံတကာအသိုင်းအဝိုင်းကို မှုစရာမလိုဘူးလို့ နေပြည်တော်ရာဇဝတ် ဂိုဏ်းက ရှုမြင်ထားခြင်းကလည်း အရေးကြီးအချက်အနေနဲ့ ပါဝင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတော့ နိုင်ငံတကာက ကန့်ကွက်ကြရှုတ်ချကြတယ်။ အခု အကျယ်ချုပ်အိမ်ကနေ ထောင်ထဲပို့တော့လည်း နိုင်ငံတကာရဲ့ ခပ်ဆတ်ဆတ် တုံ့ပြန်သံ ရောက်လာခဲ့တယ်။ နိုင်ငံတကာရဲ့ ကန့်ကွက်တယ်၊ ရှုတ်ချတယ်၊ ဝမ်းနည်းမိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်ဆိုတဲ့ စကားတွေကို နေပြည်တော်ရာဇဝတ်ဂိုဏ်းက ကြားနေရတာ အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိမို့  အပျင်းပြေ ရွတ်ဆိုနေကြတာများလားလို့တောင် ထင်နေကြပြီ ဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ တစ်ချိန်မှာ ပြဿနာကြီးတရပ် ဖြစ်လာနိုင်ပေမဲ့ အခုအချိန်ထိ အေးဆေးပဲဖြစ်သလို ၂၀၂၃ ရွေးကောက်ပွဲလုပ်မယ့်အချိန်ထိ သက်ရောက်မှုမကြီးနိုင်သေးဘူးလို့ မင်းအောင်လှိုင်တို့က တွက်ဆထားပုံပါ။ ရွေးကောက်ပွဲအလွန်ကာလမှာ ဒေသတွင်း ထောက်ခံနိုင်ငံ တချို့ရဲ့ အကူအညီနဲ့ သန်းရွှေလို ရှေ့ဆက်နိုင်လိမ့်မယ်လို့လည်း မျှော်မှန်းထားပုံရပါတယ်။

စီးပွားရေးပိတ်ဆို့မှုအပြင် သံတမန်ဖိအားနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ခွင့်မရတာဟာ ကျင့်ဝတ်သိက္ခာမရှိတဲ့ နေပြည်တော်ရာဇဝတ်ဂိုဏ်းသားတွေအတွက် အိပ်ရေးမပျက်တော့တာ ကြာပါပြီ။ နောက်ထပ် နိုင်ငံတကာရဲ့ လုပ်နိုင်စွမ်းဖြစ်တဲ့ ကန့်ကွက်ရှုတ်ချခြင်းတွေဟာ တူမီးသေနတ်လောက်နဲ့ ဆင်ကို ပစ်နေသလို တစ်ချက်တောင် တွန့်မသွားစေပါဘူး။

ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ လေကုန်ခံ ကန့်ကွက်ရှုတ်ချတာထက်ပိုပြီး ဘာမှ ထပ်မလုပ်နိုင်ဘူးလို့ မင်းအောင်လှိုင်က ယုံကြည်နေခြင်းဟာသူ့ စိတ်ထင်သလို ရမ်းရဲဖို့ အရေးပါတဲ့ လှုံ့ဆော်ချက် ဖြစ်နေပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာ့အရေး ရှုမြင်ကိုင်တွယ်နေပုံကို အရေးတကြီး ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံရပ်တည်ပေးမှုဟာ  မြန်မာပြည်သူတွေအတွက် ခွန်အားတရပ် ဖြစ်တာ သေချာပါတယ်။ 

ဒါပေမဲ့ ဒီနေ့တော်လှန်ရေးအတွက် အရေးတကြီးလိုအပ်နေတာ နိုင်ငံတကာရဲ့ တကယ့်လက်တွေ့ ကျပြီး ထိရောက်တဲ့အကူအညီမျိုး ဖြစ်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024