G7 ထိပ်သီးအစည်းဝေးတက်ရောက်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုနဲ့ စီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကပ်ဆိုးတွေအပေါ် အထူးအလေးအနက်ထား ဆွေးနွေးပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တိုက်တွန်းပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့လက်အောက်ကနေ လွတ်လပ်ဖို့ ကြိုးပမ်းနေတာတွေကို G7 အဖွဲ့ဝင် နိုင်ငံတွေက ကူညီပံ့ပိုးမယ်လို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးမှာ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်သူတွေကိုပေးခဲ့တဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ပေးဖို့အကြောင်းနဲ့ ထပ်တိုးအစီအမံတွေဆောင်ရွက်ပေးဖို့လည်း NUG အစိုးရက ထုတ်ပြန်တိုက်တွန်း လိုက်တာပါ။
အကြမ်းဖက်စစ်အုပ်စုရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူသတ်စစ်ဆင်ရေးကို ကူညီနေတဲ့ ရုရှားနဲ့ တခြားနိုင်ငံတွေက လက်နက်ခဲယမ်းတွေ စီးဝင်နေတာကိုလည်း G7 အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တားဆီး ဟန့်တားရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းမှု၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီး ချုပ်နှောင်တာနဲ့ အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပါတယ်။
ဒါ့အပြင်အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ တည်ငြိမ်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီစနစ်ကို ဖန်တီးဖော်ဆောင်နိုင်ရေးနဲ့ ထိခိုက်လွယ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် ချုပ်နှောင်မှုမရှိတဲ့ လူသားချင်း စာနာထောက်ထားမှုတွေ အပြည့်အဝရရှိရေးတို့အပေါ် ကတိကဝတ်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် လိုအပ်ရင် ထပ်တိုးအစီအမံတွေချမှတ်ဖို့အတွက်လည်း ဘုံကတိကဝတ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီအစည်းအဝေးပြီးဆုံးပြီးတနှစ်ကျော်ကြာတဲ့အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ ကိုဆက်လုပ်နေတဲ့အပြင် အကူအညီလိုနေတဲ့ ပြည်သူတွေဆီ ပေးအပ်မယ့် လူသားချင်စာနမှု အကူအညီတွေကိုလည်း စစ်တပ်က ငြင်းပယ်ထားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဖွဲ့ဝင်တွေဟာ ငတ်မွတ်ခေါင်းပါးမှုကို စစ်လက်နက်တခုအဖြစ် အသုံးချ နေတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေနဲ့ အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခံထားသူအားလုံးကို တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်နေရတဲ့ ကြီးမားလှတဲ့ လူသားချင်းစာနာမှုထောက်ထားမှုနဲ့ စီးပွားရေးဆိုင်ရာ ဘေးအန္တရာယ်ကပ်ဆိုးတွေ အပေါ် အထူးအလေးအနက်ထား ဆွေးနွေးဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။