တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှာ ဇွန် ၂၆ ရက်နေ့ညက ပြည်သူသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အနီးကပ်ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာမှာ ဇွန် ၂၆ ရက်၊ ည ၁၁ နာရီခွဲလောက် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက နေအိမ် ၅ လုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး လင်မယားနှစ်ယောက်ကို လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ပစ်သတ်ခံရတဲ့ လင်မယားနှစ်ယောက်မှာ အသက် ၆၁ နှစ်အရွယ်ရှိကြတဲ့ ဦးသောင်းဝင်းနဲ့ ဒေါ်ဝင်းအေး(ခ)မိကြုံးတို့ဖြစ်ကြပြီး ဦးခေါင်း၊ မျက်လုံး၊ ခါးနဲ့ ဝမ်းဗိုက်တို့ကို အနီးကပ် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရွာခံတဦးကတော့ “သူတို့လင်မယားနှစ်ယောက်ကိုဖမ်းပြီး အခြားအိမ်တွေကို အရင်လိုက်ပြခိုင်းတာ၊ ပြီးမှ လမ်းပေါ်မှာ အနီးကပ်ပစ်သတ်ခဲ့တာဖြစ်မယ်၊ နေအိမ် ၅ လုံးကို ဝင်ရောက်ဖျက်ဆီးပြီး ပိုက်ဆံတွေလည်း ယူသွားတယ်” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့ လင်မယားနှစ်ယောက်ဟာ သာမန်ပြည်သူတွေဖြစ်ကြပြီး ဘာကြောင့် အခုလို ပစ်သတ်ခံရလဲဆိုတာကိုတော့ အသေးစိတ်အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ဂေါ့အင်းကျေးရွာမှာ အသက် ၅၀ ကျော်အရွယ် ဦးဆန်းဝင်းကိုလည်း နေအိမ်အရှေ့မှာပဲ အနီးကပ်ပစ်သတ်ခဲ့ပြီး နေအိမ်ရှိ ပိုက်ဆံ၊ ရွှေထည်ပစ္စည်းတချို့နဲ့ ဆိုင်ကယ်တစီးကိုပါ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကတော့ အဲဒီပစ်ခတ်သတ်ဖြတ်မှုများကို လောင်းလုံးမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ(စရဖ)၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပန္ဒလဲကျေးရွာမှာ စခန်းချထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စရဖ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက လောင်းလုံးမြို့နယ်အတွင်း ဇွန် ၁၆ ရက်ကနေ ၂၆ ရက်အထိ ပြည်သူ ၈ ဦးကို ပစ်ခတ်ခဲ့တာကြောင့် ၆ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အပြင် နေအိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လောင်းလုံးမြို့နယ်အတွင်း ဇွန် ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ လောက် အင်အားဖြည့်တင်းထားပြီး CDM ဝန်ထမ်းတွေအပါအဝင် ပြည်သူတွေကိုဖမ်းဆီးတာ၊ ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေပါတယ်။