Home
မြန်မာသတင်း
ယုဇနဥယျာဉ်မြို့တော် အိမ်ရာတွင် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေ၊ ၁ ဦးဖမ်းဆီးခံရ
DVB
·
June 27, 2022

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာမှာ ဇွန် ၂၆ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးကာ တယောက်ဒဏ်ရာရပြီး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယုဇနဥယျာဉ်မြို့တော်အိမ်ရာ  ၁၀ လမ်း (A)၊ တိုက်အမှတ် ၁၆  မှာ  ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက “တိုက်ထဲမှာပဲ ပေါက်ကွဲမှုဖြစ်တာ။ ကောင်လေးတယောက် ပေါက်ကွဲမှုကြောင့် သေတယ်။ တယောက်ကတော့ တိုက်ထဲကနေ ထွက်ပြေးလာတာကို အဲဒီနားက လူတချို့ ဝိုင်းဖမ်းပြီး ရပ်ကွက်ရုံးမှာ အထိုင်ချတဲ့ စစ်တပ်လက်ထဲ အပ်လိုက်တယ်။ စိတ်မကောင်းစရာပါပဲဗျာ” လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားအပြီး ဒဏ်ရာရပြီးထွက်ပြေးလာတဲ့ အမျိုးသားတယောက်ကို ရပ်ကွက်နေ လူတချို့ကဖမ်းဆီးပြီး စစ်ကောင်စီလက်ကို အပ်လိုက်လို့ ယုဇနဥယျာဉ်မြို့တော်အိမ်ရာမှာ နေထိုင်သူ တဦးကလည်းပြောပါတယ် ။

“ဒဏ်ရာရလို့ ထွက်ပြေးလာတဲ့ ကောင်လေးကို အဲဒီနားက လူတချို့ကဝိုင်းဖမ်းတယ်။  ကောင်လေးက ကျနော့်ကိုသာ သတ်လိုက်ကြပါတော့ဗျာဆိုပြီးအော်နေတယ်။ ကောင်လေးကို မြင်ရတာ စိတ်ထဲလည်းမကောင်းသလို ဝိုင်းဖမ်းတဲ့သူတွေကိုလည်း ဒေါသထွက်တယ်။”

ပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံရတဲ့လူငယ်ကနေတဆင့် တခြားဆက်စပ်သူတွေကို စစ်ကောင်စီက အပူတပြင်းလိုက်လံရှာဖွေနေတယ်လို့လည်း ရပ်ကွက်ရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024