တားမြစ်ကုန်စည်များ ပိတ်ပင်သည့် လစ်သူအေးနီးယားနိုင်ငံကို တုံ့ပြန်ရန် ရုရှားစီစဉ်

ပိုလန်နဲ့ လစ်သူအေးနီးယား နှစ်နိုင်ငံကြားက ရုရှားပြည်နယ် ကလင်နင်ဂရက်ဆီ ဥရောပသမဂ္ဂက တားမြစ်ပိတ်ပင်ထားတဲ့ ကုန်စည်တွေ ရထားနဲ့တင်ပို့တာကို လစ်သူအေးနီးယားနိုင်ငံက ကန့်သတ် ပိတ်ပင်တဲ့အတွက် တုံ့ပြန်ဖို့ ရုရှားအစိုးရက ပြင်ဆင်နေတယ်လို့ ရုရှားသမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ပိတ်ဆို့ အရေးယူမှုတွေကြောင့် လစ်သူအေးနီးယားပိုင်နက်ကိုဖြတ်ပြီး ရုရှားက ဘောလ်တစ်နယ်မြေ ကလင်နင်ဂရက်ပြည်နယ် အထိ ရထားလမ်းကိုသုံးပြီး ဥရောပက ပိတ်ဆို့အ ရေးယူထားတဲ့ ကုန်ပစ္စည်းတွေ သယ်နေတာကို လစ်သူယေးနီးယားအစိုးရက အရင်အပတ်က ပိတ်ဆို့ခဲ့ပါတယ်။

တားမြစ်ကုန်စည်တွေထဲမှာ ကျောက်မီးသွေးသတ္ထုကနေ ဆောက်လုပ်ရေးပစ္စည်းတွေအထိ ပါပါတယ်။ 

ကလင်နင်ဂရက်ဟာ  ရုရှားရဲ့ တခြားအစိတ်အပိုင်းတွေဆီက ကုန်စည်နဲ့ စွမ်းအင်တွေကို လစ်သူအေးနီးယား နိုင်ငံကနေ ရထားနဲ့ ဖြတ်သန်းပြီးမှ လက်ခံနိုင်တာကြောင့် သူ့လုပ်ရပ်ဟာ ရုရှားကို ဒေါသထွက်စေခဲ့တာပါ။

“ဥရောပသမဂ္ဂရဲ့ တရားမဝင် ဒဏ်ခတ်မှုဟာ ရုရှားအတွက် လက်မခံနိုင်စရာ ဖြစ်တယ်၊ ရုရှားဟာ လစ်သူအေးနီးယားရဲ့ ပိတ်ပင်ချက်ကို တုံ့ပြန်သွားမယ်၊ နက်နက်နည်းနည်း အကဲဖြတ်သုံးသပ် ​ပြီးတဲ့အခါ ဆုံးဖြတ်ချက်တွေနဲ့ တုံ့ပြန်ချက်တွေကို ကြေညာသွားမယ်” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

တားမြစ်ပိတ်ပင်ခံရတယ်လို့ ရုရှားက ပြောနေပေမယ့် လစ်သူယေးနီးယားကတော့ သူ့ လုပ်ရပ်ဟာ လမ်းကြောင်းပေါ်က ပုံမှန်ကုန်စည်ပို့ဆောင်မှုရဲ့ ၁ ရာခိုင်နှုန်းကိုသာ သက်ရောက်ပြီး ခရီးသည်အသွားအလာကို မထိခိုက်ဘူးလို့ ပြောခဲ့ပါတယ်။ 

//
More News
Up