နျူဆွေးနွေးပွဲ အမေရိကန်နှင့်ပြန်စမည်ဟု အီရန် ပြော

၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ အမေရိကန်နှင့် အီရန်ရဲ့ သွယ်ဝိုက် ဆွေးနွေးပွဲတွေ မကြာမီ ပြန်စတော့မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဇွန် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

စေ့စပ်ညှိနှိုင်းမှုအတွင်း လချီကြာအောင် ကမောက်ကမဖြစ်နေတာကို ကျော်ဖြတ်ဖို့ ဥရောပသမဂ္ဂ EU ရဲ့ ထိပ်တန်း သံတမန်က တွန်းအားပေးခဲ့တာပါ။

“လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးပွဲတွေ ပြန်စဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ အီရန်အတွက် အရေးကြီးတာက ၂၀၁၅ သဘောတူညီချက်ရဲ့ စီးပွားရေး အကျိုးကျေးဇူး တွေကို အပြည့်အဝ ရဖို့ပါပဲ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရဘ်ဒိုလာဟီယံက ပြောပါတယ်။

အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက် ဘော်ရယ်နဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုတရပ် လုပ်ခဲ့တယ်လို့လည်း သူက ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 

အီးယူက ညှိနှိုင်းဆွေးနွေးနေတဲ့ မတ်လမှာ သဘောတူညီချက် ပြန်လည်အသက်ဝင်ဖို့ နီးကပ်လာချိန်မှာ အီရန်အစိုးရနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကြား ၁၁ လကြာ သွယ်ဝိုက် ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် သဘောတူညီချက်ကို အပြီးသတ်ဖို့ ကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးတွေကို ဗီယင်နာမြို့ အစည်းအဝေးဆီ ဖိတ်ကြားခဲ့ပါတယ်။

အီရန်အစိုးရက သူ့ရဲ့ ထိပ်တန်းလုံခြုံရေးတပ်ဖွဲ့ (IRGC) ကို အမေရိကန်ရဲ့ နိုင်ငံခြား အကြမ်းဖက်အဖွဲ့စာရင်းကနေ ဖယ်ရှားဖို့ အီရန်အစိုးရရဲ့ အခိုင်အမာ တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲတွေ ပျက်သွားခဲ့ပါတယ်။ 

အီရန်နဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ဆုံးဖြတ်ချက်ကို ကျေနပ်မိတယ်လို့ ဘော်ရယ် က တီဟီရန်မြို့တော်မှာ ကျင်းပတဲ့ ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်ဟာ စီးပွားရေး ပိတ်ဆို့မှုကနေ သက်သာရာစေဖို့ အပြန်အလှန်အနေနဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို တားမြစ်တဲ့ သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

အမေရိကန်ရဲ့ နုတ်ထွက်ပြီး ပြန်ဒဏ်ခတ်တဲ့ လုပ်ရပ်ဟာ အီရန်က သူ့ရဲ့ ပင်မနျူကလီးယား ကန့်သတ်ချက်တွေကို တနှစ်အကြာမှာ စတင်ချိုးဖောက်ဖို့ လှုံ့ဆော်သလို ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

//
More News
Up