အင်းတော်မြို့နယ်၌ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ဒေသ မံထုံတောင်ကြီးဘက်ကို ဇွန် ၂၃ ရက်နဲ့ ၂၄ ရက် နှစ်ရက်ဆက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၁၅၀ လောက်ကို ကေအိုင်အေနဲ့ ဒေသကာကွယ်ရေး PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီတပ်သား‌တွေ အကျအဆုံးများတယ်။ ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မင်းကုန်းရွာထဲဝင်မွှေကာ အိမ်တွေကို ဖျက်ဆီးသွားပြီး ဈေးဆိုင်တွေက ပစ္စည်းတွေ၊ အိမ်ထဲက ပစ္စည်းတွေကို အိတ်တွေနဲ့ ကြုံးထည့်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဇွန် ၂၃ ရက်နေညနေပိုင်းမှာလည်း အင်းတော်မြို့နယ် မော်တိတ်ဒေသ မံထုံ၊ တောင်ကြီးဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စကစ ဘက်က ၃၀ ထက်မနည်းသေဆုံးနိုင်တယ်။ (စ..) တွေရဲ့ လက်နက်ကြီးကျည်ကြောင့် မိမိတို့ဘက်မှ ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရပါဘူး။ စစ်ကောင်စီဘက်က ညပိုင်းအချိန် ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းထုကာ အလောင်းကောက်ပြီး အနီးနားရွာတွေက ဖိုးသမားတွေကို မြေမြှုပ်သင်္ဂြိုဟ်ခိုင်းတယ်။”

စစ်ကောင်စီတပ်တွေက မင်းကုန်းရွာထဲဝင်မွှေကာ အိမ်ခြေ ၁၆၀ တဲ့အနက် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးပြီး ဖုန်းတွေအပါအဝင် ပစ္စည်းတွေ အကုန်ယူသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။

မီးရှို့ ဖျက်ဆီးခံရတဲ့ မင်းကုန်းကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

//
More News
Up