မှန်ကွဲလေးတချပ်

(၁)

ဟီးထိုးထတောင်ကြားထဲတွင် နေရောင်ခြည်မှာ လင်းလင်းချင်းချင်း ဖြစ်နေသည်။ လှည်းတစီးသာသာအကျယ် တောင်ကြားလမ်းကလေးမှာ နေရောင်အောက်၌ တိတ်ဆိတ်နေ၏။

ကြည်လင်ချိုမြသည့် ကျေးငှက်သံများကို ကျနော် နားထောင်နေမိသည်။ လှပသည့် နေရောင်အောက် လေပြည်တချက် တိုက်ခတ်လိုက်သည့်အခါ အမေရိကန်ကဗျာဆရာ ဘလော့ရဲ့ “ဝင်းပသည့်လေ” ဆိုသည့် ကမ္ဘာကျော်ကဗျာစာသားကို တွေးမိကာ တယောက်တည်း ပြုံးမိသည်။

ကျဉ်းမြောင်းသည့် တောင်ကြားလမ်းကလေးမှာ ကျွဲနွားမှောင်ခိုလမ်းကလေးဖြစ်သဖြင့် ကျွဲခြေရာ နွားခြေရာများထပ်လျက် ရွှံ့စပ်စပ် ရေစပ်စပ် ဖြစ်နေ၏။

လမ်းဘေးနှစ်ဖက်တွင် ဆူးခက်များပြည့်နေသည့် အမျိုးအမည်မသိ သစ်ပင်သစ်ကိုင်းများက လမ်းကလေးကို ဘေးနှစ်ဖက်မှ ခြံစည်းရိုးကာထားသလို ဖြစ်နေသည်။ တခါတရံ လမ်းသာရာရွေးရင်း လမ်းဘေးသို့ ကပ်လိုက်သည့်အခါ ဆူးပင်များက ကျနော့်ကို သူတို့နားအကပ်မခံဘဲ ဆူးခိုင်းများ ဝှေ့ယမ်းပြီး ရန်လုပ်လွှတ်ကြ၏။

နာရီဝက်ခန့် တောင်ကြားထဲ လျှောက်လာနေကြစဉ် ကျနော့်နားထဲ၌ မာနယ်ပလော လှေဆိပ်တွင် လှေကြုံထိုင်စောင့်နေခိုက် ကရင်မိတ်ဆွေတဦး ပြောလိုက်သည့်စကားကို မကြာခဏ ပြန်ကြားနေခဲ့၏။

“ခင်ဗျား ရူးနေသလား၊ တပ်မဟာ ၁ ကို ဆင်းရင် ခင်ဗျား သေသွားလိမ့်မယ်။ ခင်ဗျား ဘာမှလည်း နားမလည်ပါးမလည်နဲ့၊ ဒီလိုနေရာမျိုးကို မသွားသင့်သေးဘူး”

ကမ်းစပ်ကို ထိုးဆိုက်လိုက်သည့် စက်လှေပေါ် အလုအယက်တက်နေစဉ် ကမ်းပေါ်တွင် ကျန်နေရစ်သည့် ထိုကရင်မိတ်ဆွေကို တချက်ပြန်ကြည့်ဖြစ်သေးသည်။ သူ့မျက်လုံးများထဲ၌ ကျနော့်ကို သနားစရာကောင်းသည့် သတ္တဝါတကောင်ကို ကြည့်သလို ကြည့်နေသည်ကို အထင်အရှား တွေ့လိုက်ရ၏။ ကျနော်က သူနှင့် မျက်လုံးချင်း အလျင်အမြန်လွှဲလိုက်ကာ သံလွင်မြစ်လယ်ကိုသာ ငေးနေလိုက်သည်။

ကမ်းပေါ်တွင်ထိုင်ရင်း လှေကြုံစောင့်နေစဉ် သူ့ကို ကျနော်က တပ်မဟာ ၁ နယ်မြေသို့ ခရီးထွက်မည့်အကြောင်း ပြောပြမိသည်။ သူက ကျနော့်ကို တအံ့တသြမျက်နှာနှင့် စူးစမ်းသလိုကြည့်ကာ ထိုစကားကို ပြောခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် သူ့စကားမှာ မှန်သင့်သလောက်တော့ မှန်ပါလိမ့်မည်။ ကျနော်က ကရင်စကား တလုံးမျှတတ်သူမဟုတ်။ သို့သော် ကျနော်သွားမည့်နေရာအားလုံးလိုလိုမှာ ကရင်ရွာများဖြစ်ပြီး မြန်မာလို မပြောတတ်ကြ။ ပြီးတော့ ထိုဒေသတွင် မိမိ၏အခြေခံစခန်း တခုမျှမရှိ။ အားလုံးလိုလိုမှာ ကျောပိုးအိတ်စခန်းများသာရှိ၏။ ထို့ပြင် ကျနော်နှင့် သိကျွမ်းခင်မင်သူဆို၍လည်း ထိုနယ်မြေတွင် တယောက်မျှမရှိ။ နယ်မြေအတွေ့အကြုံအရ ကျနော့်အဖို့ တခါမျှ ခြေချဖူးသည့် နယ်မြေလည်းမဟုတ်။ မနေ့တနေ့ကမှ လက်ဘက်ရည်ဆိုင်တွင် မမျှော်လင့်ပဲ မိတ်ဆွေဖြစ်ကာ ထိုမိတ်ဆွေ ကရင်စစ်ဗိုလ်လေး ဗိုလ်သိမ်းစိုး၏ သဘောတူညီချက်နှင့်သာ တပ်မဟာ ၁ နယ်မြေသို့ ကျနော် ခရီးထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် လှေဆိပ်တွင် ကရင်မိတ်ဆွေ ပြောလိုက်သည့်စကားမှာ မှန်သင့်သလောက်တော့ မှန်သည်ဟု ကျနော့်စိတ်ထဲ ဝန်ခံနေမိခြင်းဖြစ်သည်။ သို့သော် တပ်မဟာ ၁ နယ်မြေကိုမှ ကျနော်က တမင်တကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ကိုမူ ထိုကရင်မိတ်ဆွေ မသိနိုင်ပါ။

ကျနော်တို့လူသိုက် တနာရီနီးပါးကြာသည်အထိ ထူးထူးခြားခြား တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြသည်။ တောင်ကြားထဲဝင်ကာစက စကားတခွန်းစ နှစ်ခွန်းစ ပြောခဲ့သည့် ဗိုလ်သိမ်းစိုးသည်ပင်လျင် ငြိမ်ချက်သားကောင်းနေ၏။ တောင်ကြားထဲဝင်လိုက်ကတည်းက သာယာလှပလှသည့် သဘာဝပတ်ဝန်းကျင်အပေါ် သိသိသာသာ နစ်မျောနေခဲ့သည့် ကျနော့်အရိပ်အခြည်ကိုကြည့်ကာ တမင်ပင် စကားမပြော အနှောင့်အယှက်မပေးဘဲ နေခဲ့ဟန်တူသည်ဟု ကျနော်တွေးမိသည်။

ရုတ်တရက်ဆိုသလို လေပြင်းများ တောင်ကြားလမ်းကလေးထဲ ခေါင်းထိုးပြီး ဝင်လာခဲ့ကြသည်။ လမ်းဘေးနှစ်ဖက်မှ သစ်ပင်သစ်ကိုင်းများ ယိမ်းထိုးလှုပ်ရှား ကခုန်လိုက်ကြ၏။ နေရောင်ခြည်များမှာ ချက်ချင်းဆိုသလို အားအင်ကုန်ခန်းသွားနေ၏။

တောင်ကြားထဲဝင်လာစဉ်က အင်မတန် ယဉ်ကျေးသိမ်မွေ့သည့် လေပြည်လေညင်းမှာ စိတ်ရိုင်းဝင်လာခဲ့၏။ နားထဲ၌ လေတိုးသံများနှင့်မတူသည့် ထူးခြားသည့်အသံတချို့ကို ကြားနေရ၏။ လူသွားလမ်းမှာ အထက်သို့ အနည်းငယ်မော့ပြီး သွားနေရ၏။

“မိုးရွာတော့မယ်ထင်တယ် ကိုငြိမ်း၊ လမ်းဘေးနည်းနည်းတိုးပြီး ခပ်ဖြည်းဖြည်းပဲလျှောက်၊ ဒီနေရာကျမှ မိုးမိရင် ရေကျတာနဲ့တိုးပြီး သွားရလာရတာ တော်တော့်ကို ဆိုးသွားလိမ့်မယ်”

ဗိုလ်သိမ်းစိုးရဲ့ စကားသံများကို မိုးချုန်းသံများက နင်းချလိုက်၏။ တစုံတရာ ဆက်ပြောနေသည့် သူ့စကားသံများကို သဲသဲကွဲကွဲ မကြားရတော့။ နားထဲတွင် ကြားနေရသည့် ထူးခြားသည့်အသံများက ကျနော်တို့နှင့် ပြေးကပ်လိုက်သလို ကြားလာနေစဉ် ကျနော်တို့အထက် လမ်းကွေ့ဆီမှ ရေများ ဒလဟော စီးဝင်လာသည်ကို တွေ့လိုက်ရတော့၏။

“အထက်မှာ မိုးရွာနေပြီ ကိုငြိမ်း၊ တောင်ကျရေနဲ့တိုးတော့မှာ သေချာတယ်။ လမ်းဘေးနည်းနည်းကပ်ပြီး ရေဦးကိုရှောင်ထားမှဖြစ်မယ်။ ကျောပိုးအိတ်ကို ဂရုစိုက်”

ရုတ်တရက်ဆိုသလို ကျနော်တို့ကျောပေါ် မိုးသီးမိုးပေါက်များ ပေါက်ပေါက်ကြဲသလို ခုန်ချလာကြသည်။ အရှိန်နှင့်ပြေးလာသည့် တောင်ကျရေက ကျနော်တို့ကို အငြိုးတကြီး အော်ဟစ်ခြိမ်းခြောက်ကာ နောက်သို့တွန်းချဖို့ ကြိုးစားကြ၏။ ကျနော်တို့အားလုံး လမ်းဆက်မလျှောက်နိုင်ကြတော့ဘဲ မိုးသီးမိုးပေါက်များအောက် တောင်ကျရေများကို တောင့်ခံကာ နေရာတွင်ပင် ရပ်နေကြရ၏။

တုတ်ချောင်းများ အမှိုက်သရိုက်များ တောင်ကျရေနှင့်အတူ မျောပါလာကာ ကျနော်တို့ကို တွန်းထိုးဝှေ့ယမ်းနေကြ၏။ သို့သော် ချက်ချင်းဆိုသလို ရေစီးအားလျော့သလို ဖြစ်သွားရပြန်သည်။ အမှိုက်သရိုက်များသည်ပင် သိပ်ပြီးပါမလာတော့။ သို့သော် ရွာချလိုက်သည့်မိုးက ပိုပြီးသည်းထန်လာပြန်သည်။ ကျွဲခြေရာ နွားခြေရာခွက်များပေါ် လမ်းလျှောက်ရသည်မှာ လဲကျမသွားရအောင် မနည်းထိန်းပြီးမှ သွားနေရ၏။ မိုးချုန်းသံများ ကျနော်တို့နှင့် ဝေးသွားနေ၏။ သို့သော် တောင်ကြားလမ်းမှာ ကျဉ်းသထက်ကျဉ်းလာနေစဉ် တောင်ကျရေက ဒူးဆစ်သာသာအထိ ရေစီးအားကောင်းလာနေပြန်သည်။ လမ်းအလယ်တွင် လမ်းလျှောက်လို့ မရနိုင်တော့။ ခြေထောက်အောက်မှ မြေကြီးမှာ ရွှံဗွက်အိုင်ကြီးဖြစ်ကာ ရေစီးနှင့် ရွှံ့နှစ်ကိုပါ အားသွန်ပြီး တွန်းလှန်ရင်း တလှမ်းချင်း လှမ်းကြရ၏။

ကျနော်က လမ်းဘေးသို့ကပ်သည်။ လမ်းဘေးက သစ်ပင်သစ်ကိုင်းများကို လက်နှင့်လှမ်းဆွဲပြီးမှ လမ်းလျှောက်ရန် စဉ်းစားသည်။ သို့သော် လမ်းဘေးသစ်ကိုင်းများက ကျနော့်ကို အကပ်မခံကြ။ ကျနော့်လက်နှင့် ခန္ဓာကိုယ်မှာ ဆူးခက်များနှင့်ငြိ၏။ ကျနော်က လမ်းလယ်သို့ သတိနှင့် ပြန်တိုးလိုက်ရလေသည်။

ဟီးထိုးထတောင်ကြားထဲ မိုးဖွဲဖွဲများအောက် နောက်ထပ်နာရီဝက်ခန့် လျှောက်လာပြီးနောက် တောင်ကြားထဲမှ ကျနော်တို့ ထွက်လာနိုင်ခဲ့ကြသည်။ ကျနော်တို့အားလုံး မိုးရေကိုယ်စီ စိုရွှဲလျက်။ ခန္ဓာကိုယ်အောက်ပိုင်းမှာ ရွှံ့နှစ်များပေကျံလျက်။

နောက်ထပ်တနာရီခန့် ပြင်းပြင်းလျှောက်လျှင် မဲပလိရွာသို့ ရောက်တော့မည်ဟု သိရ၏။ ဟီးထိုးထတောင်ကြား အတွေ့အကြုံကမူ ကျနော့်ကို မမေ့နိုင်အောင် ဖမ်းစားသွားခဲ့ပြီဟု ကျနော်တွေးမိသည်။

(၂)

ကျုံစိန်ကြိုးဝိုင်းကြီးထဲသို့ ကျနော်တို့လူသိုက် ဝင်လာခဲ့စဉ် နေရောင်ခြည်များသည်လည်း ဖရိုဖရဲ ဆုတ်ခွာသွားနေကြ၏။

ကျနော်တို့လူသိုက်တွင် ကျနော်အပါအဝင် လူ (၄) ယောက်ရှိ၏။ မဲပလိရွာတွင် လူ (၅) ယောက် ကျန်နေရစ်ခဲ့ကြ၏။ ကျနော်တို့သွားရမည့်ခရီးမှာ တောလမ်းခရီးများသာ ဖြစ်မည့်အပြင် မည်သည့်ရွာတွင်မျှလည်း ညအိပ်ညနေ နားနေကြမည်မဟုတ်ဘဲ ကြုံရာတောထဲတွင်သာ သွားလာနေထိုင်ကြမည် ဖြစ်သဖြင့် ရိက္ခာအတွက် ဝန်ပေါ့စေရန် ဗိုလ်သိမ်းစိုးက သူ့ရဲဘော်တချို့ကို မဲပလိရွာတွင် ထားခဲ့ရန် ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် ကျနော်တို့လူသိုက်တွင် မာနယ်ပလောက ထွက်လာစဉ် (၉) ယောက်ရှိရာက ယခုတော့ (၄) ယောက်သာ ပါလာခဲ့တော့၏။

စမ်းချောင်းကလေးတခုဘေးမှ ကျနော်တို့ လျှောက်လာခဲ့ကြသည်။ အိပ်တန်းတက် ငှက်သံများမှာ တတောတတောင်လုံး ဆူညံလျက်ရှိ၏။ နေရောင်ခြည်များ ဆုတ်ခွာသွားနေစဉ် ကျနော်တို့ကျောပေါ်သို့ အအေးဓာတ်က လာရောက်ပူးကပ်ထားလိုက်၏။ စမ်းချောင်းကလေး တံတောင်ဆစ်ချိုး ကွေ့သွားသည့် တနေရာတွင် ယာယီအားဖြင့် တညအိပ်ရန် နေရာရွေးလိုက်ကြ၏။ ကျနော်တို့အထက် တနေရာဆီက စကားပြောသံ ကြားရသလိုရှိသည်။ ကျုံစိန်ကြိုးဝိုင်းထဲသို့ ဝင်လာကာစက ကြိုးဝိုင်းထဲတွင် ကျနော်တို့ထက်စောစွာ KNDO ပြောက်ကျားရဲဘော်တချို့ ရောက်နှင့်နေသည်ဟု ဗိုလ်သိမ်းစိုးက ပြောခဲ့၏။

စကားပြောသံများမှာ ဗိုလ်သိမ်းစိုးပြောခဲ့သည့် ပြောက်ကျားရဲဘော်များသာဖြစ်မည်ဟု ကျနော်တွေးမိသည်။

“ဒီကောင်တွေ တော်တော်ခက်တဲ့ကောင်တွေပဲ။ ဒီလိုသာသိရင် ကျနော်တို့ နောက်ထပ်တနေရာသွားပြီး ခိုမှာပေါ့။ ခုတော့မှ ဒီကောင်တွေ ဒီနေရာမှာခိုနေတာ ငါးရက်ရှိပြီဆိုတာ သိရတယ်”

ဝါးရုံပင်အုပ်တခု၏အောက် မြက်ခင်းအစပ်တွင် အိပ်ယာပြင်ဆင်နေစဉ် လူသံကြားရာ အထက်ဘက် ထွက်သွားပြီးမှ ပြန်လာသည့် ဗိုလ်သိမ်းစိုးက စိတ်ပျက်လက်ပျက်ပြောရင်း ကျနော့်ဘေးနားတွင် ဝင်ထိုင်လိုက်၏။

“ဘာပြုလို့လဲဗျ၊ ဒီနေရာက သိပ်ပြီးမလုံခြုံလို့လား”

“ဘယ်လုံခြုံပါ့မလဲ၊ ဒီနေရာက ရေရှိတယ်မို့လား၊ ရေရှိရင် ကျနော်တို့လူတွေ ဝင်ပြီးခိုတတ်တယ်ဆိုတာ ရန်သူကသိတယ်။ ဒါကြောင့်မို့ ဒီလိုနေရာမျိုး ဘယ်တော့မှ ကြာကြာဝင်မခိုသင့်ဘူး။ အဲဒါ ကျနော်ပြောတော့ သူတို့မှာ လူမမာပါနေတယ်၊ ဒါကြောင့်မို့ ဒီမှာကြာနေတာတဲ့၊ နောက်ထပ်တညအိပ်ပြီးရင်တော့ ရွှေ့မယ်လို့ပြောတာပဲ”

ညနေလေးနာရီခန့်က ကျနော်တို့တတွေ ဖားအံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး ပဒိုလာဘ၏ ယာယီပြောက်ကျားစခန်းတွင် ညစာထမင်းစားခဲ့ကြ၏။ စခန်းကမထွက်ခွာခင် တပ်မဟာ ၁ ကျနော်၏ခရီးစဉ်ကို ဗိုလ်သိမ်းစိုးနှင့်တိုင်ပင်ကာ ပဒိုလာဘအား ရှင်းပြခဲ့၏။ ကျနော်က ဒီမိုကရက်တစ်မြန်မာ့အသံ ကွင်းဆင်းသတင်းထောက်တဦး အနေနှင့် ခရီးထွက်လာခြင်းဖြစ်ကြောင်း၊ ဖားအံ၊ ဘီးလင်း၊ ကျိုက်ထိုနှင့် ဖာပွန်မြို့နယ်များအတွင်း အခြေအနေပေးပါက (၂) လကျော်ကြာ လှည့်လည်နေထိုင်သွားမည့်အကြောင်း ရှင်းပြခဲ့၏။ ပဒိုလာဘက ကျနော့်ကို ဖလင် (၂) လိပ်၊ မြန်မာငွေတထောင်ကို အကူအညီပေးလိုက်၏။ ရှေ့တန်းသို့ဆင်းလာသည့် သတင်းထောက်တဦးကို သူတို့မြို့နယ်က ကြိုဆိုပါကြောင်းလည်း အားပေးစကားပြောခဲ့၏။

ညဉ့်နက်လာတော့ အအေးဓာတ်က ပိုပြီးဖိစီးလာခဲ့သည်။ မီးဖိုပြီး လှုံချင်သော်လည်း လုံခြုံရေးအရ မီးဖိုလို့မဖြစ်သဖြင့် သည်အတိုင်း အအေးဒဏ်ကို တင်းခံထားခဲ့ရ၏။ မိုးကုန်လုပြီဖြစ်သည့်တိုင် မိုးနှင်းများက စမ်းချောင်းလေးတဝိုက် တဖျောက်ဖျောက်နှင့် ကျနေ၏။

ကျနော်က တောတိရစ္ဆာန်တချို့၏ အော်မြည်သံကို နားထောင်နေမိသည်။ ခပ်ဝေးဝေးတနေရာက ချေဟောက်သံသဲ့သဲ့ ကြားရ၏။ တစ်တီတူးမြည်သံ ဆက်တိုက်ကြားလိုက်ရသောအခါ ဗိုလ်သိမ်းစိုးက အိပ်နေရာက ခေါင်ထောင်ပြီး ထကြည့်သေး၏။ မှုန်ဝါးဝါးလရောင်အောက် မလှမ်းမကမ်းတောစပ်၌ ရဲဘော်လေးဝှေ့စာနှင့် ကျန်ရဲဘော်တဦး အိပ်စက်နေသည်ကို မြင်နေရ၏။ တိတ်ဆိတ်ထူးခြားသည့် တောတွင်းတနေရာ၏ အသံဗလံများကို နားထောင်ရင်း မောပန်းနွမ်းနယ်စွာ ကျနော် အိပ်ပျော်သွားခဲ့၏။

(၃)

“ဟေ့ ဖြီးလှလိမ်းလှချည့်လား”

ကရင်စစ်သားလေးက ကျနော့်ကို တချက်လှည့်ကြည့်သည်။ ပြီးတော့ လိမ်းလက်စသနပ်ခါးကို ဆက်ပြီးလိမ်းနေ၏။ သူ့ဘယ်ဘက်လက်ထဲတွင် လက်ဖဝါးခန့်မရှိတရှိ မှန်ကွဲတချပ်။ ညာဘက်လက်ထဲတွင် သွေးလက်စ သနပ်ခါးခဲတခဲ။ သူ့ရှေ့က ပုဆိုးအဟောင်းတထည်ပေါ်တွင် ကျောက်ပြားလေးတချပ်။ ကျနော်က မှန်ကြည့်ပြီး သနပ်ခါးလိမ်းနေသည့် ကရင်ရဲဘော်လေး၏ဘေးတွင် သွားရပ်လိုက်သည်။ သူကတော့ ကျနော့်ကိုမကြည့်။ သနပ်ခါးလိမ်းမပျက်။

“မင်းက သနပ်ခါးကြိုက်သလားကွ”

“အေး”

သည်တခါတော့ သူ့ဆီက တခွန်းတည်းသောစကား ကျနော်ကြားရ၏။

“သူက ဗမာစကား သိပ်ပြီးမပြောတတ်ဘူး ဆရာကြီး၊ နည်းနည်းပဲနားလည်တယ်”

“အော် ဟုတ်လား၊ သူက သနပ်ခါး ဒီလိုပဲလိမ်းတာပဲလား”

သူတို့အဖွဲ့ထဲက ခေါင်းဆောင်လုပ်သူဟု ထင်ရသူက သူ့ရဲဘော်လေးဘေးတွင်ရပ်ကာ ကျနော့်ကို ရှင်းပြ၏။

“ဒီကောင်တွေက သနပ်ခါးပဲ လိမ်းနေတာပဲဆရာကြီး၊ ရှိတဲ့ပိုက်ဆံ သနပ်ခါးဖိုးနဲ့ပဲ ကုန်တာ”

ကျနော်က အသက် (၂၀) ပင် ပြည့်ဟန်မတူသေးသည့် ကရင်စစ်သားလေးကို သဘောကျနေမိသည်။ စစ်သားလေးက မှန်ကွဲလေးကိုကြည့်ကာ စိတ်တိုင်းကျ သနပ်ခါးလိမ်းပြီးနောက် ကျောက်တုံးကျောက်ပြင်နှင့် လက်သဲခွံသာသာ သနပ်ခါးခဲ လက်ကျန်လေးကို ကေျာပိုးအိတ်ထဲသို့ တယုတယ ထည့်သိမ်းနေ၏။

ကျနော်က ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံငါးဆယ်ကိုထုတ်ပြီး ကရင်စစ်သားလေးကို ပေးလိုက်သည်။

“ဒါ မင်းအတွက် သနပ်ခါးခဲဖိုး ငါလက်ဆောင်ပေးတာပါ”

ကရင်စစ်သားလေးက ကျနော့်ကို မော့ကြည့်သည်။ ကျနော့်လက်ထဲက ငွေငါးဆယ်ကို ကြည့်သည်။ ပြီးတော့ လှမ်းယူလိုက်သည်။ စကားကိုမူ တခွန်းမှမပြော။

ထိုနေ့မနက်က ကျနော်တို့လူသိုက် ကျုံစိန်ရွာဘက် ထွက်ခဲ့ကြသည်။ သူတို့ကိုလည်း သည်နေရာတွင် ကြာကြာမနေဖို့ ဗိုလ်သိမ်းစိုးက မှာဖြစ်အောင်မှာခဲ့၏။ အထုပ်အပိုးကိုယ်စီဖြစ်နေသည့် ကျနော်တို့လူသိုက်ကို ကြည့်ကာ သနပ်ခါးကြိုက်သူ စစ်သားကလေးက ပြံုးပြ၏။ ဒါကတော့ သူ ကျနော်တို့ကို နှုတ်ဆက်နေခြင်းပင် ဖြစ်ပေမည်။

စမ်းချောင်းကလေးအတိုင်း ကျနော်တို့ လမ်းလျှောက်လာခဲ့ကြသည်။ ထိုညနေက နောက်ထပ်တညအိပ်ခိုနားမည့် ကျုံစိန်ရွာနှင့် မနီးမဝေး တောင်ကုန်းလေးပေါ် ရောက်သည်အထိ သနပ်ခါးကြိုက်သူ ထို ကရင်စစ်သားလေး သနပ်ခါးလိမ်းနေသည်ကို တလမ်းလုံးလိုလို ကျနော် ပြန်တွေးနေမိသည်။ ထို့နောက် ကျနော်တို့အဖွဲ့တွင်ပါလာသည့် “ဝှေ့စာ” ဟုခေါ်သော ကရင်စစ်သားလေးကိုလည်း မကြာမကြာ ခိုးကြည့်နေခဲ့မိပြန်သည်။ ရဲဘော်လေးဝှေ့စာကမူ သနပ်ခါးကြိုက်သူ ဟုတ်ဟန်မတူပါ။ သို့သော် သူ့မျက်ခုံးများ လည်ဂုတ်များပေါ်၌ ပေါင်ဒါမှုန့်များ ဖွေးဖွေးဖြူနေသည်ကိုမူ ထင်ထင်ရှားရှား တွေ့နေရ၏။ ကျနော် ကျေနပ်စွာပြုံးမိသည်။ ငယ်ရွယ်သည့် ကရင်စစ်သားတချို့က သနပ်ခါးနှင့် ပေါင်ဒါမှုန့် လိမ်းကြသည်ဟု ကြားခဲ့ဖူးသည့်စကားကြောင့် ကျနော်ပြုံးမိခြင်းဖြစ်သည်။

(၄)

“ဘယ်မှာတိုက်ပွဲဖြစ်တာလဲ ဗိုလ်သိမ်းစိုး”

ခပ်လှမ်းလှမ်းမှ သေနတ်သံများ ခပ်အုပ်အုပ်ကြားလိုက်ရပြီးနောက် လမ်းလျှောက်စကားပြောစက်နှင့် အလုပ်ရှုပ်နေသည့် ဗိုလ်သိမ်းစိုးကို မအောင့်နိုင်ဘဲ ကျနော်မေးလိုက်မိသည်။ ဗိုလ်သိမ်းစိုးက ရုတ်တရက် ပြန်မဖြေဘဲ တက်တခေါက်ခေါက် ဖြစ်နေသေး၏။

“အဲဒါကြောင့် ပြောတာပေါ့၊ ဒီကောင်တွေကိုက မှားတာ၊ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဒီနေရာမှာ ဒီလောက်ကြာကြာ နေကိုမနေသင့်ဘူး၊ ခုတော့ သေသေချာချာ ပြောခဲ့ရဲ့သားနဲ့ ဖြစ်မှဖြစ်ရပလေကွာ တကယ်ပဲ”

ကျနော် ထိုင်ရာက ထရပ်လိုက်မိသည်။ စိတ်ထဲ၌ ပူသွားရ၏။ ကျနော်ထင်သလို မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းဖြစ်အောင် တောင်းလိုက်မိသေးသည်။

“ဘယ်မှာတိုက်ပွဲဖြစ်တာလဲဗျ၊ ကျနော်တို့နားခဲ့တဲ့ နေရာမှာများလား”

“အေးပေါ့ဗျ၊ အဲဒီနေရာကလွဲလို့ ဘယ်နေရာဖြစ်တော့မှာလဲ၊ ကျနော်ထင်တယ်၊ အစကတည်းက၊ အခုတော့”

“ထိခိုက်တဲ့သူကော ရှိသလားဗျ”

“ရှိရတော့တာပေါ့၊ သူတို့မှာ လူမမာကလည်းရှိနေတော့ တယောက်က ခံပစ်ပေးတုန်း ကျန်တဲ့သူတွေ လွတ်အောင် ဆုတ်ကြရတာပဲဟာ၊ ခင်ဗျား သနပ်ခါးခဲဖိုးပေးခဲ့တဲ့ကောင် ကျသွားပြီ”

နေရာတွင်ပင် ကျနော် ကြက်သေသေကာ ရပ်နေမိသည်။ ဗိုလ်သိမ်းစိုးကို မည်သို့မျှ ဆက်ပြီးမမေးတော့။ ဗိုလ်သိမ်းစိုးကလည်း မည်သည့်စကားမျှ ဆက်ပြီးမပြောတော့။ ကျနော်တို့နှစ်ယောက်ကြားတွင် ချောက်ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားရ၏။

ကျနော်က တောင်ကုန်းလေးပေါ်ကတဆင့် ခပ်ဝေးဝေးတနေရာကို လှမ်းကြည့်နေမိသည်။ တောင်ကုန်းလေး၏အောက်တွင် သစ်ပင်တောတန်းများမှာ အထပ်လိုက် အလွှာလိုက် ရှိနေ၏။ ကောင်းကင်၏ နေရာတချို့တွင် မိုးသားများ ညို့ဆိုင်းနေ၏။ လွန်ခဲ့သည့်ည ကျနော်တို့ တညအိပ်ခိုနားခဲ့ရာ စမ်းချောင်းကလေးသည် ဤတောအုပ်များ၏ ဟိုမှာဘက် အစပ်၌ တိတ်ဆိတ်စွာ စီးဆင်းနေပေလိမ့်မည်။

စမ်းချောင်းကလေးရှိရာ တောအုပ်အပေါ်တွင်မူ မိုးများ အုံ့ဆိုင်းရွာချနေသည်ကို တွေ့နေရလေသည်။      ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

//
More News
Up