DVB Logo
Home
မြန်မာသတင်း
ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက် လွှဲပြောင်းပေး
DVB
·
June 24, 2022
ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက် လွှဲပြောင်းပေး
Donate to DVB

ပြန်ပေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တောင်ပြိုလက်ဝဲ ချစ်ကြည်ရေးတံတားမှတဆင့် ဇွန် ၂၃ ရက် ည ၁၀ နာရီခွဲလောက်က မြန်မာပြည်ကို တရားဝင်လွှဲပြောင်းလိုက်ပြီး ကျီးကန်းပြင်ဌာနချုပ်မှာ နယ်ခြားစောင့်တပ်က စစ်ဆေးနေတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

"သူတို့ကို မနေ့ကညမှာ ဘင်္ဂလားက တရားဝင်လွှဲပေးလာတယ်။ အခုတော့ ကျီးကန်းပြင်ဌာနချုပ်မှာ နယ်ခြားစောင့်နဲ့ စစ်တပ်က စစ်ဆေး​မေးမြန်နေပါတယ်။ ဘယ်အချိန် မိဘလက်ထဲ ပြန်လွှဲမလဲ မသိရသေးပါ” လို့ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ ဆရာနဲ့ ဆရာမတို့နှစ်ဦးကို ပြန်လည်ကယ်တင်နိုင်ရေးဆောင်ရွက်တဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ ပြန်ပေးဆွဲအဖွဲ့က တောင်းခံထားတဲ့ မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ဇွန် ၂၂ ရက်မှာ အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနဲ့ ဆရာမနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ) Kharang Khali (ရခိုင်) ကျေးရွာအနီးမှာ လွှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ RAB အဖွဲ့က စစ်ဆေးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဇွန် ၂၃ ရက်က ပြန်လွတ်လာတဲ့ ပညာရေးဝန်ထမ်း ၂ ဦးကို ခြံချောင်းကျေးရွာကနေ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ငါးခူရကျေးရွာသား ၂ ယောက်နဲ့ လက်ခံထားတဲ့ အိမ်ရှင်ကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးစစ်ဆေးနေတုန်းလို့ ဘင်္ဂလားဒေ့ရှ်ဘက်ရောက် ရခိုင်အမျိုးသားတဦးက ပြောပါတယ်။

"မနေ့က သူတို့ကိုလာခေါ်တဲ့ မြန်မာဘက်က ၂ ယောက်နဲ့ အတည်းခံတဲ့ အိမ်ရှင်ကိုတော့ မလွှတ်သေးပါဘူး။ BGB ကစစ်ဆေးနေတုန်းပါ။" 

သူတို့ဟာ ခြံချောင်းကျေးရွာ ဘုန်းကြီးကျောင်း ဆရာတော်ရဲ့အကူအညီနဲ့ အဲဒီကျေးရွာနေ ဦးကျော်ကျော်ရဲ့ နေအိမ်မှာ ခေတ္တနေထိုင်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီနောက် ပြန်ပေးဆွဲခံခဲ့ရတဲ့ ပညာရေးဝန်ထမ်း ၂ ယောက်၊ သွားရောက်ခေါ်ဆောင်သူ ၂ ယောက်နဲ့ အိမ်ရှင်ဖြစ်သူတို့ကို တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ်ဆောင်သွားပြီး တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

ဇွန် ၂၃ ရက် ညမှာတော့ ပညာရေးဝန်ထမ်း ၂ ယောက်ကို မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်မှာ ကော့ဇ်ဘဇားမြို့အခြေစိုက် အမှတ် ၃၄ BGB နယ်ခြားစောင့်တပ် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ လာရောက်လွှဲပြောင်းအပ်နှံခဲ့တာပါ။

လက်ရှိ ပညာရေးဝန်ထမ်း ၂ ယောက် လွှဲပြောင်းလက်ခံတဲ့ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက ပညာရေးဌာနကို အခုအချိန်အထိ အကြောင်းကြားလာတာ မရှိသေးဘူးလို့ မြို့နယ်ပညာရေးမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013