တရုတ်-အာဆီယံ ဆက်ဆံရေး နက်ရှိုင်းအောင်လုပ်ရန် တရုတ်ကာကွယ်ရေးဝန်ကြီးပြော

တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ ကာကွယ်ရေးဝန်ကြီး ဝေဖုန်းဟော့က တရုတ်နဲ့ အာဆီယံကြား ဆက်ဆံရေး နက်ရှိုင်းအောင်လုပ်ဖို့၊ တောင်တရုတ်ပင်လယ်အရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဇွန် ၂၂ ရက်မှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးမှာ ရုပ်သံကတဆင့် ပြောလိုက်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီး တီးဘန်နဲ့ ပူးတွဲသဘာပတိအဖြစ် ဝေက အစည်းအဝေးမှာ ဆောင်ရွက်ပါတယ်။

မနှစ်က နိုဝင်ဘာလမှာ တရုတ်-အာဆီယံ အားလုံးပါဝင်တဲ့ ဗျူဟာမြောက် မိတ်ဘက်တည်ထောင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အာဆီယံခေါင်းဆောင်တွေက ကြေညာလိုက်တာဟာ တရုတ်-အာဆီယံ ဆက်ဆံရေးသမိုင်းမှာ မှတ်တိုင်သစ် တည်လိုက်တာလို့လည်း ဝေက ပြောပါတယ်။

မျှဝေထားတဲ့ အနာဂတ်တွေနဲ့အတူ ပိုနီးကပ်တဲ့ တရုတ်နဲ့ အာဆီယံ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ တရုတ်နဲ့ အာဆီယံတို့ အတူလုပ်ဆောင်သွားသင့်တယ်၊ တောင်တရုတ်ပင်လယ်ကိုလည်း ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပင်လယ်အဖြစ် ဖန်တီးသင့်တယ်လို့လည်း ဝေက ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။

ဒီထဲကမှ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့နဲ့ တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပိုင်နက်အရေးအတွက် အငြင်းပွားနေပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို သမိုင်းကြောင်းအရ သူပိုင်တယ်လို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။

//
More News
Up