ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ကြွက်ကန်ကျေးရွာ အရှေ့ဘက်မှာ ရွာငံမြို့နယ် သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးစီးမှူး မင်းခိုင်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး အလောင်းလာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) က ထုတ်ပြန်ပါတယ်။

ဦးစီးမှူး မင်းခိုင်ဦးကို ဇွန် ၂၂ ရက် မွန်းတည့် ၁၂ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာတင် သေဆုံးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေ ၃ နာရီလောက်မှာ ဦးစီးမှူးရဲ့အလောင်းကို လာသယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးပါတဲ့ ကားကို ဝမ်းတွင်းမြို့နယ် ရွဲသီးကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားမီးလောင်ပျက်စီးကာ ကားပေါ်ပါလာတဲ့ ၆ ဦးလုံး သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ဗိုလ်ကြီးရာထူးနဲ့ တပ်မှအသွင်ပြောင်းလာသူ ရွာငံမြို့နယ် သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူး မင်းခိုင်ဦးဟာ ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ သစ်ခုတ်ပြည်သူတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပျူစောထီးတွေဖွဲ့စည်းကာ သစ်တောအရာရှိတွေ အသွင်ယူ တောင်ပေါ်အနှံ့ဖြန့်ကျက်ပြီး အမျိုးမျိုးထောက်လှမ်းရှာဖွေ ဒုက္ခပေးတာကြောင့် သုတ်သင်ရှင်းလင်းခဲ့တာ” လို့ WTRF အဖွဲ့က ပြောပါတယ်။

//
More News
Up