မိုးကြိုးပြင်ရွာအား မီးရှို့၊ လူသတ်သွားသည့် စစ်ကောင်စီတပ်ကို PDF တပ်များ ပူးပေါင်းတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မိုးကြိုးပြင်(မြောက်)ကျေးရွာကို မီးရှို့ကာ လူသတ်မှုတွေ ကျူးလွန်သွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေက လိုက်ခံပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့ ရုပ်သံဖိုင်ကို Salingyi Border Task Force က မျှဝေထားပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၂၁ ရက်က မိုးကြိုးပြင်(မြောက်)ကျေးရွာကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ကျေးရွာသား ၂ ယောက်ကို သတ်ဖြတ်ခဲ့ကြကာ မီးရှို့ခဲ့တာကြောင့် ရွာအတွင်း အိမ်ခြေ ၃၀ မီးလောင်ပြာကျခဲ့ပြီး ရွာသားတွေရဲ့ ဆိတ်၊ ဝက်၊ ကြက် စတာတွေကို သတ်စားသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုတခါ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်မှုမှာတော့ Salingyi Border Task Force နဲ့အတူ ဆားလင်းကြီးသမန်းကြားအဖွဲ့နဲ့ တခြား မဟာမိတ်ညီနောင်အဖွဲ့တွေက စိန်ပြောင်း/ရှော့တုံး- ၆၀ မမ/ ၈၀ မမ/ ၁၂၀ မမတွေနဲ့ လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဒေသခံ PDF တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ မကွေးတိုင်းမှာ ၂ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၆ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

//
More News
Up