
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၂ ယောက်ရဲ့ နေအိမ်နဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၂၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးဟန်ဝင်းမြတ်နေအိမ်ကို လာရောက် ချိပ်ပိတ်သွားတာပါ။
ဦးဟန်ဝင်းမြတ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားလို့ မိသားစုနဲ့အတူ တိမ်းရှောင်နေတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာက ကိုသန့်ဇင်ဖြိုးရဲ့ ဆိုင်ကယ်ပြင်ဆိုင်ကိုလည်း ဇွန် ၂၂ ရက် ညနေ ၄ နာရီလောက်မှာ လာရောက်ချိပ်ပိတ်သွားတာပါ။
ကိုသန့်ဇင်ဖြိုးကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ဖောက်ခွဲရေးတခုမှာ ဆက်စပ်ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတာဖြစ်ပြီး အခုအခါမှာတော့ သူ့ရဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို လာရောက်ချိပ်ပိတ်သွားတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ တနှစ်ကျော်ကာလအတွင်း အန်အယ်လ်ဒီပါတီ အမတ်တွေ၊ ပါတီထောက်ခံသူတွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်ခံထားရပါတယ်။