ပေါက်မြို့နယ် ကင်းမကျေးရွာသား ၃၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဇွန် ၁၆ ရက်ကနေ ဇွန် ၂၃ ရက်အထိ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေပြီး ကင်းမရွာက ဒေသခံပြည်သူ အယောက် ၃၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးနေပြီး ကင်းမရွာက ဒေသခံပြည်သူ ၃၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ကင်းမကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“တောင်မြင့်ရွာဘက်ကနေ စစ်ကြောင်းစထိုးပြီး အခု ကင်းမရွာမှာ တပ်စွဲထားတယ်။ စစ်(...)၊ ပျူ(...)တွေက ကျေးရွာတွေကို တရွာဝင်တရွာထွက် စစ်ကြောင်းထိုးပြီး နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသလို ပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်ကြတယ်။ စစ်ရှောင်တဲတချို့နဲ့ နေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံထားရတယ်။”

ပေါက်မြို့နယ် ရေပြာရွာမှာလည်း ဇွန် ၂၀ ရက် မနက်ပိုင်းက ဒေသခံလူငယ်တယောက်ကို PDF လို့ စွပ်စွဲပြီး စစ်အုပ်စုတွေက ဖမ်းဆီးသွားသလို ဇွန် ၂၁ ရက်မှာလည်း ပလက်ဝမြို့နယ်က ခရီးသွားပြည်သူတယောက်ကို PDF လို့စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းဆုတ်၊ ကင်းမ၊ ဘို့မယ်၊ တောင်ဘက်၊ ဇီးတော၊ ထန်းတောလယ်၊ အင်းငယ်​ဒေါင့်နဲ့ သစ်ညီနောင်ကျေးရွာတွေက ဒေသခံပြည်သူ ၁၀,၀၀၀ နီးပါးလောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်တွေ ရွာတွေကိုမီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းတွေ ထိုးနေတာကြောင့် မြိုင်မြို့နယ်က ပြည်သူ ၂၀,၀၀၀ လောက်၊ ပေါက်မြို့နယ်က ပြည်သူ ၂၀,၀၀၀ လောက်လောက်၊ ပခုက္ကူမြို့နယ်က ပြည်သူ ၉,၀၀၀ လောက်၊ ရေစကြိုမြို့နယ်က ပြည်သူ ၇,၀၀၀ ကျော်လောက်နဲ့ ဆိပ်ဖြူမြို့နယ်က ပြည်သူ ၆,၀၀၀ ကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး မိုးကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ မေလတလအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့လို့ နေအိမ် ၉၂၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

//
More News
Up