
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ ဇွန် ၂၂ ရက် မနက်ပိုင်းက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးမလောင်အောင်ရမ်ရဲ့နေအိမ် ချိတ်ပိတ်ခံရတယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
"သူ့အိမ်က ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာဘဲ ယာယီဆောက်ထားတာ။ ခုနောက်ပိုင်း နေအိမ် ပြန်လည်တည်ဆောက်ဖို့ ပျဉ်တွေအများကြီး ဝယ်ထားတာ။ ခု အဲ့ဒီပျဉ်တွေနဲ့တကွ ချိတ်ပိတ်လိုက်တယ်။"
ဦးမလောင်အောင်ရမ်ဟာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် နောင်မွန်မြို့နယ်မှာ အန်အယ်လ်ဒီ အမတ်တဦးအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဝရမ်းထုတ်ခံရကာ ဒီနေ့ချိန်ထိ ဘေးကင်းရာမှာ တင်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ မြောက်ဘက်ဆုံး နောင်မွန်မြို့နယ်ဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတဲ့မြို့နယ် ဖြစ်ပါတယ်။