မွှေးမြလွန်းတဲ့ ၁၉ ဇွန်

ဒေါ်အောင်ဆန်းစုကြည်လို့ နာမည်အပြည့်အစုံခေါ်ရင်တောင် အကဲဆတ်သူတချို့က သိပ်မကြိုက်ချင်။ ဒေါ်စုလို့သာ ခေါ်လိုက်မိရင်တော့ ကျနော့်အဖေ့ဆို မျက်နှာကြောတင်းတင်းနဲ့ လှမ်းငေါက်လေ့ရှိတယ်။ ‘နိုင်ငံရေးလေး နှစ်ပဲတပြားလောက်သိရုံနဲ့ လူပါးမဝနဲ့’ တဲ့။ ဒေါ်စုဆိုတဲ့ အခေါ်အဝေါ်ကို ကျနော်က ရင့်သီးခြင်း၊ ရိုင်းပျခြင်း၊ လူးပါးဝခြင်းလို့ အခိုင်အမာ မယူဆမိပေမဲ့ အဖေကတော့ လက်မခံ။ အဖေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်တူရွယ်တူ ၇၇ နှစ်။ ဒါပေမဲ့ အမေစုလို့သာ နှုတ်ကျိုးနေပြီးသား။ အမေစုကနေ တပြားမှမလျှော့။

အရှေ့တိုင်းဗေဒ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလို့ ဆိုမလား။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုတာ သိပ်ကောင်းလှတယ်ရယ်လို့ မဟုတ်ပေမဲ့ ၁၉၈၈ ခုနှစ်ကစလို့ ဒီနေ့ထိတိုင် နှစ်ပေါင်း ၃၀ ကျော်ကြာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ အကျဘက်မရှိ တောက်လျှောက်ဆိုသလို အတက်ချည်း ထောင်တက်နေတာ တော်ရုံစကေး မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဩဇာ၊ ပုဂ္ဂိုလ်ရေးအရှိန်အဝါ သိပ်ကိုကြီးလွန်းလှတယ်။ ဗမာပြည်က တောင်မရောက်မြောက်မရောက် စစ်ဗိုလ်ချုပ်တွေ မနာလိုခြင်းကြီးလောက်အောင်ကို လူထုက အမေစုမှ အမေစု။ ဘာကြောင့် ဒီလောက် နှစ်ပေါင်း ၃၀ ကျော်ကြာ အမေစုမှ အမေစု ဖြစ်နေရသလဲလို့ နက်နက်တူးကြည့်တော့ တိုင်းပြည်အတွက် အပေးသာရှိပြီး အယူမရှိခဲ့လို့လေလား ထင်မိ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ကိုယ်သူ ပေးဆပ်သူကြီးတယောက်လို့ မခံယူ။ ယောကျ်ားလည်းဆုံး၊ အရွယ်မရောက်သေးတဲ့ သားနှစ်ယောက်ကိုလည်း စွန့်လို့ မြန်မာပြည်သူတို့ စစ်ကျွန်လက်အောက် လွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံ။ အကျယ်ချုပ်ဘဝ နှစ်ပေါင်းရှည်ကြာ။ ဒါကို သူက ရွေးချယ်မှုလို့ ဖွင့်ဆိုလိုက်တယ်။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ကိုယ်လုပ်လို့ ကိုယ်ဖြစ်တာပ။ စာအုပ်တွေနဲ့ရှင်သန်၊ ရံဖန်ရံခါ စန္ဒရားခလုတ်ပေါ် ဝေ့ဝေ့ဝဲဝဲ။ အာနာပါနမှာ နစ်နေအောင်စိုက်ချ။ ကမ္ဘာကြီးနဲ့ ဆက်သွယ်နိုင်တာဆိုလို့ ရေဒီယိုလေး တလုံးရယ်နဲ့။

ပြီးတော့ သူလုပ်ချင်တာတွေ ဆက်လုပ်နိုင်ဖို့ ကျန်းမာမှဖြစ်မယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးချို့ယွင်းမှု တစုံတရာကြောင့် သူလုပ်ချင်တာတွေ၊ သူလုပ်ပေးချင်တာတွေ မလုပ်ရ၊ စိတ်သွားတိုင်းကိုယ်မပါတဲ့ အဖြစ်မျိုး မရောက်အောင် ရှေးသရောအခါက အဲဒီ တကိုယ်တော် အကျယ်ချုပ်ဘဝမှာ ဆင်ခြင်ခဲ့မိပုံ။ ကျန်းမာမှဖြစ်မယ်ဆိုတာ ဆင်ခြင်မိရုံတင်မက ကျင့်ကြံရ၊ တည်ဆောက်ရ၊ ခြိုးခြံရ၊ အရသာမှန်သမျှအပေါ် အစွဲအလမ်းကြီးမြဲဖြစ်တဲ့ ကိုယ့်လျှာကိုယ် အရသာတွေနဲ့ဝေးရာ အရသာတွေကို ဥပက္ခာပြုရ။ ထမင်းက ဘယ်၍ဘယ်မျှ၊ အသီးအရွက်က ဘယ်နှအောင်စ၊ အသားဆိုရင်လည်း ကျန်းမာရေးနဲ့ညီစွာ ဘယ်လိုအသားမျိုး အနည်းငယ်မျှ။ ဆီမပါ၊ ဆားမပါ၊ ချိုတာငန်တာ ဘာမှမပါတဲ့ဟင်းကိုသာ စားကာ။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် မညှာတမ်း ရုန်းကန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ပြည့်နှစ် မေ ၂၆ ရက်နေ့ အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့အခါ စစ်အစိုးရရဲ့ ညှဉ်းပန်းမှုတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ရောက်မှုမရှိတဲ့အကြောင်း သက်သေပြနိုင်ခဲ့တယ်။

သူ့ထုံးစံအတိုင်း အလုပ်တွေနင်းကန်လုပ်၊ ရွေးကောက်ပွဲစည်းရုံးရေးကာလ ပြည်သူနဲ့တွေ့ရတာကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မမောပန်းနိုင်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန် လွှတ်တော်အမတ်တဦးဘဝနဲ့ လွှတ်တော်ထဲ ရောက်ပြန်တော့လည်း လွှတ်တော်အမတ်ထိုင်ခုံမှာ ထိုင်ရတာ သိမ်ငယ်စရာကောင်းပါလားလို့ မထင်၊ သက်သောင့်သက်သာ ကိုယ့်အနာဂတ်ကိုယ် သေချာဆုပ်ကိုင်လို့။ ကိုယ် ဘာလုပ်နေသလဲဆိုတာ ကိုယ့်ဘာသာသိတယ်။ ကိုယ်ဘာဖြစ်ချင်နေသလဲဆိုတာ ကိုယ့်ဘာသာသိတယ်။ စစ်တပ်က အချောင်နှိုက်ထားတဲ့ ၂၅ ရာခိုင်နှုန်း အကျောပေးစနစ်ကို လူထုအားနဲ့ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ သိတယ်။ သူ့ပြည်သူအပေါ် ယုံကြည်မှုအားနဲ့ ပြတ်ပြတ်သားသား ပုံအောခဲ့တယ်။ အာဏာရှင်တွေ ရူးမတတ် NLD အစိုးရနဲ့ အာဏာရှင်တွေကို သွက်သွက်ခါစေခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်။ သမ္မတရဲ့အထက်မှာ ကျမရှိပါမယ်လို့ အတိအလင်း။ ၂၀၁၅-၂၀၂၀ ဆိုတာ မဆိုစလောက်ရတဲ့ စစ်တပိုင်းဒီမိုကရေစီမှာတောင် ဒီမိုကရေစီဆိုတာ ဘာလဲ အရေးပါတဲ့ အရွေ့တခု။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းပေါ် နှင်းဆီပွင့်တွေ နီနီစွေးစွေးပွင့်လို့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိပ္ပါယ်မှာ ပြည်သူမရွေး၊ လူတန်းစားမရွေး အရင်အတိုင်း။ တခါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးဟောပြောပွဲကို ဘီးတပ်တွန်းလှည်းနဲ့လာတဲ့ မသန်စွမ်းလူငယ်လေးကို စင်မြင့်ပေါ်ကဆင်းတာနဲ့ မြင်ဖြစ်အောင်မြင်ပြီး သွားရောက် နှုတ်ဆက်အားပေးနေပုံ ပြည်သူတွေ လှိုက်လှဲခဲ့ရ။

နိုင်ငံတော်အတိုင်ပင်ခံဘဝ၊ နေပြည်တော်က ဘာသာရေးအခမ်းအနားတခုမှာ ယဉ်ကျေးမှုဝန်ကြီး ဦးအောင်ကိုနဲ့ ထိုင်စကားပြောနေခိုက် မဏ္ဍပ်ရှေ့ မယောင်မလည်နဲ့ ရောက်လာတဲ့ တောသူမကြီးတွေကိုမြင်တော့ ဘာမပြောညာမပြော ထထွက်ကာ သွားရောက်နှုတ်ဆက်။ မြိုင်မြို့နယ်ကျေးလက်က ဘုရားဖူးလာကြတာတဲ့။ သွားနှုတ်မဆက်လည်း ဘာမှမဖြစ်တဲ့ အနေအထားမှာ သူ့ရဲ့ မနေနိုင်တဲ့စိတ်က တားမရ။ ကျေးလက်ကပြည်သူတွေနဲ့ အခုလို စကားပြောခွင့်ရလိုက်တာ သူ့အရသာ။ မိမိရရ ရိုက်ကူးထားတဲ့ အဲဒီရုပ်သံဖိုင် အွန်လိုင်းပေါ်တက်လာတော့ ဒီလိုအပြုအမူတွေကို ဟန်ဆောင်လုပ်လို့မရမှန်းသိတဲ့ ပြည်သူတွေက ဒါ… ငါတို့ခေါင်းဆောင်လို့ ဂုဏ်ယူခဲ့ကြတယ်။

ပြီးတော့ ဟိုး… လွှတ်တော်အမတ်ဘဝကတည်းက။ ပြီးတော့ အတိုင်ပင်ခံဘဝထိတိုင် သူ့မွေးနေ့ပွဲကို လွှတ်တော်မှာ လာကျင်းပတာ အစဉ်အလာတရပ်ပမာ နှစ်စဉ် မပျက်ကွက်။ အဲဒီမွေးနေ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပေးအခံရဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတော့ လွှတ်တော်ထဲက သန့်ရှင်းရေးဝန်ထမ်းတွေလို အောက်ခြေဝန်ထမ်းတွေပါပဲ။ စားစရာနည်းနည်းပါးပါးကို သူ့လက်နဲ့ သေချာပေးရုံတင်မက အဲဒီလိုဝန်ထမ်းတွေနဲ့ ဓာတ်ပုံအရိုက်ခံရတာကိုလည်း သိပ်ကိုပျော်လို့။ အားနည်းသူတွေကို အားပေးရမယ်ဆိုတဲ့ လူကြီးလူကောင်းစိတ်ဓာတ်။ ဘယ်သွားသွား ဘယ်လာလာ အဲဒီလို မလုပ်ရမနေနိုင်တဲ့ ယားယံမှုပမာ။

အဲဒီလိုမွေးနေ့ရှင်ဟာ အခုတော့ အာဏာရှင်တွေရဲ့ အကျဉ်းစံဘဝ။ ဖမ်းဆီးချုပ်နှောင်ထားတာတောင် ဘယ်နေရာမှာ ဖမ်းဆီးထားသလဲဆိုတာကို မပြောပြရဲအောင် အာဏာရှင်တွေရဲ့ အကြောက်တရားဟာ သိသိသာသာ။ ဒီလောက် ဖမ်းဆီးထားတာတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စကား ပြည်သူတွေကြား ရောက်ရှိသွားမှာ စိုးတာကြောင့် တရားရုံးကိုပင် အထပ်ထပ်ချုပ်နှောင်ထားရ။

အချုပ်အနှောင်ဘဝနဲ့ ၇၇ နှစ်မြောက်မွေးနေ့ ရောက်လာတယ်။ အဲဒီလို မကြောက်တရားတွေနဲ့ အဲဒီလို စာနာထောက်ထားစိတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်မို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အခမ်းအနားတွေဟာ ပြည်တွင်း၊ ပြည်ပ လူမှုကွန်ရက်ပေါ်တွေတင်မက တောထဲတောင်ထဲက PDF စခန်းတွေထိအောင် မွှေးမြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတို့ကြား မေတ္တာတရားဟာ အပြန်အလှန် ကူးလူးခဲ့ကြတယ်။

မွေးနေ့ရှင်ကတော့ ကိုယ့်မွေးနေ့ကိုယ် တရက်နောက်ကျပြီးမှ တရားရုံးမှာ ကျင်းပခဲ့ရ။ အဲဒီလို တိတ်တိတ်ဆိတ်ဆိတ် ရိုးရိုးစင်းစင်း မွေးနေ့ပွဲကို ခင်းကျင်းရတာတောင် သူ့ထုံးစံအတိုင်း မွေးနေ့ကိတ်ကို သူ့ရုံးထုတ်မောင်းရတဲ့ ကားဆရာ၊ ရဲလုံခြုံရေးနဲ့ အောက်ခြေဝန်ထမ်းတွေကို မမေ့မလျော့ ကျွေးခဲ့တယ်။

အဲဒီတရားရုံးထဲက တရက်နောက်ကျကျင်းပခဲ့တဲ့ မွေးနေ့ပွဲသတင်းကို ဖတ်ရပြီးနောက် ကျနော် စိတ်လှုပ်ရှားခဲ့ရ၊ အဲဒီလို စာနာစိတ်ကြီးတွေကြောင့် ဒီစာကို စိတ်နဲ့ထိသမျှ ချရေးဖြစ်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်သူတွေဆီ ပြန်လာပါလိမ့်မယ်။

ထွန်းလင်း

//
More News
Up