ကရိုင်းမီးယား ဆန္ဒခံယူပွဲ တရားမ၀င်ဟု ကုလသမဂ္ဂ ဆုံးဖြတ်

ဒီလအစောပိုင်းက ရုရှားရဲ့ ထောက်ခံအားပေးမှုနဲ့ ကျင်းပခဲ့တဲ့ ကရိုင်းမီးယား လူထုဆန္ဒခံယူပွဲဟာ တရားမ၀င်ကြောင်း မတ် ၂၇ နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ နိုင်ငံ ၁၀၀ က ကရိုင်းမီးယားလူထုဆန္ဒခံယူပွဲကို ကန့်ကွက်ခဲ့ကြပြီး ၁၁ နိုင်ငံ က ထောက်ခံခဲ့ကြပါတယ်။ ၅၈ နိုင်ငံက ကြားနေခဲ့ကြပြီး ၂၄ နိုင်ငံက မဲပေးမှုမှာ မပါဝင်ခဲ့ကြပါဘူး။
ကန့်ကွက်သူနိုင်ငံ ၈၀နဲ့ ၉၀ လောက်ရှိရင်ကိုပဲ ယူကရိန်းနိုင်ငံအတွက် အောင်မြင်မှုရပြီလို့ အနောက်နိုင်ငံ အဆင့်မြင့်သံတမန်တဦးက ပြောဆိုခဲ့ပြီး ကန့်ကွက်သူနိုင်ငံ ထင်တာထက် များခဲ့တယ်လို့ အနောက်နိုင်ငံသံတမန်တွေက ဆိုကြပါတယ်။
ကရိုင်းမီးယားအရေးမှာ ရုရှားနိုင်ငံကို ထောက်ခဲ့တဲ့နိုင်ငံ အနည်းအကျဉ်းပဲ ရှိတယ်ဆိုတာကိုတော့ အနောက်နိုင်ငံသံတမန်တွေက သဘောတူလက်ခံခဲ့ကြပါတယ်။
အခု အထွေထွေညီလာခံဆုံးဖြတ်ချက်က ဒီလအစောပိုင်းက ရုရှားနိုင်ငံက ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုကို ရောင်ပြန်ဟပ်မှာလည်း ဖြစ်ပါတယ်။
ကရိုင်းမီးယား လူထုဆန္ဒခံယူပွဲဟာ တရားမ၀င်ဘူး။ ဒီဆုံးဖြတ်ချက်ကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကရိုင်းမီးယားနဲ့ ဆာဗတ်စရာဗိုမြို့ရဲ့ လက်ရှိ ဖြစ်တည်မှုကို ပြောင်းလဲတာမှန်သမျှ အသိအမှတ်မပြုဖို့ ကမ္ဘာ့နိုင်ငံတွေ အားလုံး၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးကို ကုလသမဂ္ဂ အထွေထွေညီလာခံက တောင်းဆိုခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အလွတ်သဘော ဖြစ်ပေမယ့် ကရိုင်းမီးယားအရေးမှာ ရုရှားဟာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုမရတာဟာ ပေါ်လွန်နေပြီး အဖွဲ့ဝင်နိုင်ငံတွေကို ဘာမဲမှ မပေးဖို့ ရုရှားနိုင်ငံက လိုက်လံ စည်းရုံးခဲ့တာကြောင့် ရုရှားဟာ ဒီအရေးမှာ အထူးအလေးအနက် ထားနေတာ ပေါ်လွင်နေတယ်လို့ အနောက်နိုင်ငံသံတမန်တွေက ဆိုကြပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကနေ ၁၈ ဘီလီယံအထိ ချေးပေးဖို့ သဘောတူပြီး မကြာခင်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။