မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇွန် ၂၁ ရက် နေ့လယ်ပိုင်းက ခရီးသွားပြည်သူတယောက်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆီမီးမြို့၊ ဆင်လံရွာက ခရီးသွားပြည်သူ ကိုကျော်ဆန်းဝင်းကို နေ့လယ် ၁ နာရီခွဲလောက် သရက်တော ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က PDF ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတာလို့ ပေါက်မြို့ဒေသခံတယောက်က ပြောပါတယ်။
“စစ်(...)တွေလုပ်တဲ့ပုံက ကျနော်တို့ပြည်သူတွေ ဘယ်မှ မသွားရဲ မလာရဲအောင် အကြောက်တရား ရိုက်ထည့်နေတာဗျ။ ဘာအထောက်ထားမှမရှိဘဲ မတရားဖမ်းဆီးကြတာ။ တရွာနဲ့တရွာ ခရီးသွားလာဖို့တောင် မလွယ်ကူတော့ဘူး။ လူငယ်တွေတွေ့ပြီ ဆိုတာနဲ့ စကားပြော အဆင်မပြေတာတို့၊ လက်ကိုင်ဖုန်းထဲမှာ သူတို့ကိုဆန့်ကျင်တဲ့ စာသားတခုခု မျှဝေထားတာတို့ တွေ့ပြီဆိုတာနဲ့ ဖမ်းတော့တာပဲ။”
ဇွန် ၂၀ ရက် မနက်ကလည်း ပေါက်မြို့နယ် ရေပြာရွာက လူငယ်တယောက်ကို PDF လို့ စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက အခုနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ အပြစ်မဲ့ပြည်သူ ၄၀၀ ကျော်လောက်ကို မတရားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။