
ပြန်ပေးဆွဲခံထားရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ ဇွန် ၂၂ ရက် ညပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ပြန်လွတ်မြောက်လာကြောင်း ဒေသခံ ပညာရေးအသိုင်းအဝန်းကနေ သိရပါတယ်။
ဆရာကြီးနဲ့ ဆရာမ လွတ်မြောက်ရေး ဆောင်ရွက်ပေးနေတဲ့ ပညာရေးဝန်ထမ်းက "သူတို့နှစ်ဦး မနေ့က လွတ်လာတယ်လို့ သိရပါတယ်။ လွှတ်ပေးလာတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံချောင်းကျေးရွာမှာပါ" လို့ အတည်ပြု ပြောကြားပါတယ်။
သူတို့နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်၊ နတ်မြစ်ကမ်းခြေရှိ ခြံချောင်းကျေးရွာနဲ့ နှခေါင်းချောင်းကျေးရွာကြားလမ်းမှာ ဇွန် ၂၂ ရက် ညအချိန် ပြန်ပေးသမားတွေက လာရောက်ချထားခဲ့ကြတာဖြစ်ပြီး လက်ရှိ ဒီကျေးရွာမှာ လုံခြံစွာရှိနေကြောင်း ခြံချောင်းကျေးရွာသားတွေထံက သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြံချောင်းကျေးရွာသားတဦးက "ခြံချောင်းကျေးရွာနဲ့ နှခေါင်းချောင်းကျေးရွာကြားက လမ်းမှာ မနေ့ညက လာရောက်ချထားခဲ့ကြတာ။ အခုတော့ ကျနော်တို့ ခြံချောင်းကျေးရွာမှာ ဘေးကင်းလုံခြုံစွာနဲ့ ရှိနေပါတယ်" လို့ ပြောပါတယ်။
လွတ်မြောက်လာတဲ့ ကျောင်းအုပ်ဆရာကြီး ဦဘိုဝင်းက "သူတို့ကို ငွေအကျေပေးပြီးမှ လွှတ်ပေးတာပါ။ အခုက ခြံချောင်းရွာက ရွာလူကြီးနဲ့ စကားပြောနေပါတယ်။ ခြံချောင်းကျေးရွာကလည်း ရခိုင်လူနေအိမ်နည်းတော့ လုံခြုံရေးအတွက် စိုးရိမ်ရပါသေးတယ်။ ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာ နောက်မှ အသေးစိတ်ပြောပြပါမယ်" လို့ ပြောပါတယ်။
ဇွန် ၁၆ ရက်က သင်္ဘောလှ မူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ဟာ မောင်တောမြို့နယ် ပညာရေးမှူးရဲ့ ဆင့်ခေါ်မှုကြောင့် ဆိုင်ကယ်နဲ့အသွား တောင်ပြိုလမ်းခုလပ်တနေရာမှာ ပျောက်ဆုံးသွားပြီးနောက် ပြန်ပေးသမားတွေက ဘင်္ဂလားဒေ့ရှ်တာကာငွေ သိန်း ၅၀ (မြန်မာကျပ်ငွေသိန်းတထောင်) လောက်နဲ့ ပြန်ရွေးဖို့ ပညာရေးမှူးဆီ ဆက်သွယ်တောင်းဆိုထားတာပါ။
ပညာရေးဝန်ထမ်းနှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၃၀ နဲ့ ညှိနှိုင်းပြေလည်သွားပြီးနောက် ပြန်ပေးသမားတွေက လွှတ်ပေးခဲ့ကြတာပါ။
လွတ်မြောက်လာသူ ပညာရေးဝန်ထမ်းနှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရရဲ့ အစီအစဉ်နဲ့ မြန်မာဘက်ကို ဒီနေ့ လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။