ဘိုင်ယန်အသင်း၏ ကမ်းလှမ်းမှုရရှိချိန်တွင် ၂ ကြိမ်မစဉ်းစားခဲ့ဟု မာနေး ပြော

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိချိန်မှာ အသင်းပြောင်းရွှေ့ဖို့အတွက် ၂ ကြိမ်မစဉ်းစားဘဲ လက်ခံခဲ့တယ်လို့ တိုက်စစ်မှူး မာနေးက ပြောသွားပါတယ်။

မာနေးဟာ လီဗာပူးအသင်းကနေ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီကို ပေါင် ၃၅ ဒသမ ၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဘိုင်ယန်အသင်းမှာ လီဗာပူးမှာတုန်းကထက် ပိုမိုရရှိမယ့်လုပ်ခအဖြစ် တပတ်ကို ပေါင် ၂ သိန်းခွဲအထိ ရရှိမှာပါ။

ဒီအချိန်ဟာ အသင်းပြောင်းရွှေ့ဖို့အတွက် အချိန်ကောင်းဖြစ်တာကြောင့် ဘိုင်ယန်ရဲ့ ကမ်းလှမ်းချက်ရရှိချိန်မှာ နှစ်ခါမစဉ်းစားခဲ့ကြောင်း မာနေးက စာချုပ်ချုပ်ဆိုအပြီးမှာ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်ကို ရွေးချယ်လိုက်တာက သူတို့ဘက်က အလွန်စိတ်ဝင်စားမှု ရှိခဲ့တာကြောင့် ဖြစ်ကြောင်း၊ သူတို့ကမ်းလှမ်းခဲ့ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘိုင်ယန်ကစားသမားအဖြစ် တခါတည်း တွေးမြင်မိပြီး သူ့အတွက် မှန်ကန်တဲ့အသင်းလည်းဖြစ်လို့ နှစ်ခါမစဉ်းစားလိုက်ရကြောင်း၊ အသင်းကို ကူညီပြီး အောင်မြင်မှုတွေ အတူတကွ ရယူသွားချင်ကြောင်း ဘိုင်ယန်အသင်းနဲ့ မိတ်ဆက်ပွဲမှာ မာနေးက ပြောပါတယ်။

တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းကသာ အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း မာနေးက ပြောသွားပါတယ်။

ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးမှာ ၆ နှစ်ကြာ ကစားခဲ့ပြီး စုစုပေါင်း ၂၆၉ ပွဲမှာ ဂိုး ၁၂၀ သွင်းယူပေးခဲ့ပါတယ်။

//
More News
Up