မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁၅ လကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၀၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၂၃၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၁၇၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက အယောက် ၁,၁၉၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ အယောက် ၃,၀၄၂ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ လုံးထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက် နေ့လယ် ၁ နာရီခွဲလောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာက မလှလှမိုးဟာ နေအိမ်မှာ ရေချိုးနေချိန် အကြမ်းဖက်စစ်အုပ်စုတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ ခါးအောက်ပိုင်း ပြတ်တောက်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်အတွင်း ခုတ်မောင်းသွားတဲ့ စက်လှေပေါ်ကနေ စစ်အုပ်စုတပ်က ပုလွေရွှေကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန် ၁၉ ရက် တရက်တည်းမှာပဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပပြုလုပ်နေချိန် အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်မျိုးဝင်းမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံကနေ မြစ်ကြီးနားဆေးရုံကို ဆေးကုသဖို့အသွား ဇွန် ၂၀ ရက် မနက်ပိုင်းက နန့်ယားကျေးရွာနားမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။