အာဏာသိမ်းစစ်ကောင်စီရဲ့ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန် ၂၂ ရက် ဒီနေ့မှာ နေပြည်တော်အချုပ်ထောင်ဝင်းထဲက သီးသန့်အဆောက်အဦတခုကို ပြောင်းရွှေ့လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရမှာထားမှန်း မသိသလို ကာယကံရှင်တွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင် ဘယ်မှာနေထိုင်နေရမှန်း မသိဘူးလို့ ပြောဆိုထားဖူးပါတယ်။
ဒီနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ဝင်းအတွင်းရှိ အသစ်ဆောက်လုပ်ထားတဲ့ သီးသန့်အဆောက်အဦတခုကို နေထိုင်ဖို့ ပြောင်းရွှေ့လိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့အမှုတွေကို နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အဆောက်အဦတခုမှာ အထူးတရားရုံးပြုလုပ်ကာ ရုံးထုတ်စစ်ဆေးနေတာဖြစ်ပြီး မနက်ဖြန် ဇွန် ၂၃ ရက် ရုံးထုတ်ကစပြီး နေပြည်တော်အချုပ်ထောင်အတွင်းရှိ အသစ်ဆောက်လုပ်ပြီးတဲ့ အထူးတရားရုံးမှာ ပြောင်းလဲရုံးထုတ်စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။