DVB Logo
Home
မြန်မာသတင်း
မြန်မာလူငယ်များကို အွန်လိုင်းမှလိမ်လည်ခေါ်ယူပြီး Digital Marketer အလုပ် ကျွန်ပြုခိုင်းစေနေ
DVB
·
June 22, 2022
မြန်မာလူငယ်များကို အွန်လိုင်းမှလိမ်လည်ခေါ်ယူပြီး  Digital Marketer အလုပ် ကျွန်ပြုခိုင်းစေနေ
Donate to DVB

ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့နဲ့ တရုတ်နိုင်ငံနယ်စပ် လောက်ကိုင်မြို့တွေမှာ ကျားဖြန်လို့ ခေါ်တဲ့  Digital Marketer အလုပ်တွေအတွက် လုပ်ခလစာကောင်းကောင်းပေးမယ်ဆိုပြီး မြန်မာလူငယ်တွေကို  လူမှုကွန်ရက်တွေကတဆင့် လိမ်လည်ခေါ်ယူပြီး ကျွန်ပြုခိုင်းစေတာတွေ ရှိနေပါတယ်။

အွန်လိုင်းကနေ ဖောက်သည်ရှာ ငွေလိမ်ပေးရတဲ့ Digital Marketer အလုပ်တွေအတွက် တလကို လစာ မြန်မာငွေ ကျပ်  ၁၂ သိန်းကနေ ၁၈ သိန်းအထိရမယ်လို့ မက်လုံးပေးပြီး ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြန်မာပြည်အနှံ့က လူငယ်ဝန်ထမ်းတွေကို ဖေ့စ်ဘွတ်ခ်ကနေ ပွဲစားတွေက လိမ်လည်ခေါ်ယူတာဖြစ်ပါတယ်။

ရန်ကုန်မြို့က လူငယ်တယောက်ကတော့ မိသားစု စားဝတ်နေရေး အဆင်မပြေတာကြောင့် အမျိုးသမီးတယောက်ရဲ့ အွန်လိုင်းကနေ ချိတ်ဆက်ပေးမှုနဲ့  လောက်ကိုင်မှာ အဆိုပါအလုပ်ကို သွားရောက်အလုပ်လုပ်ခဲ့ပါတယ်။

သူ့အလုပ်က Gmail ကတဆင့် နိုင်ငံခြားသားတွေကို ကုမ္ပဏီအကြောင်း ယုံအောင်ပြောပြီး အစုငွေထည့်ခိုင်းကာ ငွေလိမ်တဲ့အလုပ်ကို အွန်လိုင်းကနေ လုပ်‌ေပးရတာဖြစ်ပြီး တနေ့ကို ၇ ယောက်လောက်အထိ လူရှာပေးရကာ  လူရှာမရတဲ့ နေ့တွေမှာ  ထမင်းမကျွေးတာ၊ အမှောင်ခန်းထဲမှာ တနေကုန် ပိတ်ထားတာ၊ ပြည်သူ့စစ်တွေရဲ့  ရိုက်နှက်တာတွေကို ခံခဲ့ရတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်က ပြောပါတယ်။

လောက်ကိုင်မှာ အလုပ်သွားလုပ်ပြီး ထွက်ပြေးလာသူတဦးက “ကျနော်တို့ကို Laptop  တလုံးစီပေးထားပြီး GMail ကနေ နိုင်ငံခြားသားတွေနဲ့ စကားပြောခိုင်းတယ်။ အီးမေးလ်တွေပို့ခိုင်းတယ်။ သူတို့အလုပ်မှာ ရှယ်ယာတွေပါမလားဆိုပြီး ဆွယ်ရတာ။ သူတို့က ပါမယ်ဆိုရင် ဘယ်လောက်ထည့်ရတယ်၊ ဘယ်လိုအကျိုးအမြတ်ရှိတယ်၊ တလကို ဘယ်လောက်အထိ အမြတ်ကျန်တယ် ဆိုတာတွေကို ရှင်းပြရတာပေါ့။ သူတို့ပါလာပြီဆိုရင်  တလ နှစ်လလောက် သူတို့အကောင့်တွေကို အမြတ်လေးတွေ ထည့်ပေးရတယ်။ နောက် လုံးကနဲ ခဲကနဲလည်း ငွေတွေသွင်းရော ငွေလက်ခံပြီးတာနဲ့ သူတို့အကောင့်တွေကို ဘလော့ပစ်ရတာ။ အဆက်အသွယ်မလုပ်တော့ဘူး၊ နောက်အသစ်တယောက်ထပ်ရှာရတယ်” လို့ ပြောပါတယ်။

အလုပ်လုပ်ရာမှာ အလုပ်ချိန်ကြာမြင့်စွာလုပ်ရပြီး ခြိမ်းခြောက်နှိပ်စက်တာတွေလည်း ခံခဲ့ရတယ်လို့ လောက်ကိုင်မှာအလုပ်သွားလုပ်ပြီး ထွက်ပြေးလာတဲ့ လူငယ်က ဆက်ပြီးပြောပါတယ်။

“တနေ့ကို ၁၄ နာရီလောက် အလုပ်လုပ်ရတယ်။ မနက်ကို ၆ နာရီလောက်ထရတယ်။ ကျနော်တို့က အဲ့ဒီလိုမျိုး တနေ့ကို လူအနည်းဆုံး ၇ ယောက်ရှာပေးရတာ။ မရှာပေးနိုင်ရင် ထမင်းမကျွေးဘူး။ ပြည်သူ့စစ်တွေက သေနတ်ဒင်တွေနဲ့ ထုတယ်၊ ရိုက်တယ်၊ ဆဲတယ်၊ အဲ့ဒီအထဲရောက်သွားရင် ထွက်လို့မရတော့ဘူး။ တခါက ကျနော်သွားပြောဖူးတယ်၊ အလုပ်ထွက်မယ်လို့။ သူတို့က မင်းတို့ သိန်း ၂၀ လျော်ရင် ထွက်လို့ရမယ်လို့ ပြောတယ်။ သူဌေးက တရုတ်တွေ၊ ပြည်သူစစ်တွေကို ပိုက်ဆံပေးငှားပေးပြီး ကျနော်တို့ကို ထိန်းခိုင်းတာ၊ အပေါက်ဝတွေမှာလည်း ပြည်သူ့စစ်တွေပဲ သေနတ်တွေနဲ့ စောင့်နေကြတာ။”

လောင်ကိုင်မြို့မှာ တရုတ်သူဌေးတွေ၊ လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံသား ပြည်သူ့စစ်တွေကို လစာကောင်းကောင်းပေးပြီး ငှားထားတာလို့ ဆိုပါတယ်။

လောက်ကိုင်မြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖူးသူတယောက်ကတော့ အကျဉ်းစခန်းတခုလိုမှာထားပြီး  လစာမပေးဘဲ အဓမ္မခိုင်းစေတာ ခံရတယ်လို့ ပြောပါတယ်။ 

“အဲ့နေရာတွေက လုံးဝကို မသွားသင့်တဲ့နေရာတွေ၊ ငရဲခန်း၊ ထောင်တွေထက် ပိုဆိုးတယ်။ လူအချင်းချင်း ညှဉ်းပန်းနှိပ်စက်တဲ့နေရာ၊ လောက်ကိုင်မှာ အရင်းအချာဆွေမျိုးမရှိရင် လုံးဝမသွားပါနဲ့၊ သာမန်ဆွေမျိုးတို့ အသိတို့ဆိုတာတွေကလည်း ရောင်းစားသွားခံရသူတွေ ဒီမှာအများကြီးပဲ။ နောက်ပြီး သူတို့ပြောသလိုမျိုး တရက်ကို တရုတ် ငွေ ၅,၀၀၀၊ ၆,၀၀၀ ရတယ်ဆိုတာတွေကလည်း အလကားပါ၊ အထင်မကြီးကြပါနဲ့ ဘယ်သူမှမရကြပါဘူး။ ကျနော်ကတော့ ဒီမှာ ၃ လ လုပ်ခဲ့တာ တပြားမှမရခဲ့ပါဘူး။ ထောင်ကျခဲ့သလိုပါပဲ၊ ပွဲစားတွေကသာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လိမ်ညာခေါ်နေကြတာ။ လုံးဝမယုံကြပါနဲ့ မသွားကြပါနဲ့။”

ရန်ကုန်မြို့မှာ  ကျားဖြန် အလုပ်လုပ်ကိုင်ခဲ့ဖူးသူတယောက်ကတော့  အလုပ်အကြောင်း သေချာသိခွင့်မရတာနဲ့ လိမ်ပေးရမယ့်ပုံစံ ဖြစ်နေတာကြောင့် အလုပ်ကနေ ထွက်လိုက်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ အလုပ်လုပ်ဖူးသူတဦးက “ကိုယ်လုပ်ရမယ့်အလုပ်ကိုပဲ သူတို့ကပြောတယ်၊ သူတို့လုပ်နေတဲ့ အလုပ်အကြောင်းကိုတော့ မသိရဘူး။ ရေရေရာရာ သေသေချာချာ ပြောပြတာလည်းမရှိဘူး။ ဥပမာ Cryptocurrency တို့၊  Big coin တို့ ရောင်းတယ် ဝယ်တယ် ဆိုတာလောက်ပဲ ရှင်းပြတယ်။ အသေးစိတ် ဘာကိုမှရှင်းမပြဘူး။ သူတို့လုပ်ငန်းလည်ပတ်မှု အကြောင်းရင်းကိုလည်း မသိရဘူး။ ဒီရန်ကုန်ရုံးပိုင်းမှာ လုပ်နေတဲ့သူတွေ အားလုံးကလည်း လူရှာပေးရတဲ့အလုပ်ကိုပဲ အများစုလုပ်နေရတာ။ သဘောကပြောရင် ကိုယ်က လိမ်တဲ့အလုပ်ကိုပဲ လုပ်ပေးရမှာ။ နောက် နိုင်ငံခြားကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံလာအောင် ဆွဲဆောင်ပေးရတယ်။ သူတို့က အရင်းရှယ်ယာထည့်လာရင် ပထမလတွေမှာတော့ အမြတ်ဆိုပြီး ငွေလွှဲပေးတယ်၊ နောက်ထပ် အဲ့ဒီကုမ္ပဏီတွေက ငွေများများထည့်လာရင် အဲ့ဒီကုမ္ပဏီတွေကို ဘလော့ပစ်တယ်၊ လိမ်တာပေါ့။ အဲ့ဒီမှာ ကျနော်လည်း ဆက်မလုပ်တော့ဘဲ ခဏနဲ့ပဲ ထွက်ပစ်လိုက်တာ” လို့ ပြောပါတယ်။

တရုတ်နယ်စပ် လောက်ကိုင်မြို့ကို အသိအကျွမ်းမရှိဘဲ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေကနေ နည်းမျိုးစုံနဲ့ အလုပ်သမားခေါ်ယူနေတဲ့  ပွဲစားတွေကတဆင့် သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ လူအများစုဟာလည်း အလိမ်ခံရလေ့ ရှိပါတယ်။

သူတို့အလုပ်မှာ အမျိုးသားရော အမျိုးသမီးပါ ရှိကြပြီး စကားပြန်၊ ဖောက်သည်ဝန်ဆောင်မှု၊ မော်ဒယ် စတဲ့ အလုပ်မျိုးစုံရှိတဲ့အထဲ အမျိုးသမီးတွေဆိုရင် အဲဒီလုပ်ငန်းမှာ ကျဉ်စက်နဲ့ အတို့ခံရတာ၊ တရုတ်သူဌေးတွေရဲ့ သားမယားပြုကျင့်တာတွေကို ခံရတယ်လို့ အလုပ်လုပ်ဖူးတဲ့သူတွေက ပြောပါတယ်။

အလုပ်သမားတွေကို ထွက်ပြေးလို့မရအောင် လက်နက်ကိုင် ပြည်သူ့စစ်တွေက အုပ်ချုပ်နေပြီး အလုပ်ကထွက်ချင်ရင် ငွေကျပ် သိန်း ၂၀ ပေးမှ ထွက်ခွင့်ပေးတာတွေလည်း ရှိနေပါတယ်။

နယ်စပ်ဒေသတွေမှာ အခုလို အွန်လိုင်းကနေ လိမ်လည်တဲ့ လုပ်ငန်းတွေကို မြန်မာစကား မပြောတတ်တဲ့ တရုတ်နိုင်ငံသားတွေက လာရောက် ဦးစီးလုပ်ကိုင်နေကြပေမဲ့ ဒီနေ့အချိန်အထိ မြန်မာအာဏာပိုင်တွေက တရားဥပဒေအရ အရေးယူတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ   စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ပိုမိုရှားပါးတာ၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ လူငယ်တွေကို ပစ်မှတ်ထား လိမ်လည်ခံနေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013