DVB Logo
Home
မြန်မာသတင်း
အာဆီယံစစ်တပ်အသိုက်အဝန်းက မြန်မာအကြမ်းဖက်စစ်တပ်ကို အားပေးကူညီနေ
DVB
·
June 22, 2022
အာဆီယံစစ်တပ်အသိုက်အဝန်းက မြန်မာအကြမ်းဖက်စစ်တပ်ကို အားပေးကူညီနေ
1 / 2
Donate to DVB

အာဆီယံလုံခြုံရေးအသိုက်အဝန်းဟာ အကြမ်းဖက်မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ဝယ်ယူဖို့နဲ့ သူတို့ရဲ့ စစ်လက်နက်ထုတ်လုပ်ရောင်းချတဲ့ စီးပွားရေးလုပ်ငန်းကို တိုးချဲ့နိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနေတယ်လို့ Justice For Myanmmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံက ၂၀၁၉ ခုနှစ်မှာ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းတွေ ADMM-Plus နဲ့ တွဲဖက်ပြီး စစ်လက်နက်အရောင်းပြပွဲကို ကျင်းပခဲ့ရာမှာ မြန်မာစစ်တပ်အတွက် ဝင်ငွေအရင်းအမြစ်တခုအနေနဲ့ရရှိဖို့ ပြည်တွင်းထုတ် စစ်လက်နက် အရောင်းဆိုင်ခန်းတခုကို ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်းနဲ့ ဒီအရောင်းပြပွဲက မြန်မာစစ်တပ်အတွက် ကမ္ဘာတဝန်း လက်နက်ရောင်းချသူတွေနဲ့ အဆက်အသွယ်ရရှိဖို့ အခွင့်အလမ်း တရပ်ကို ရရှိစေခဲ့ တယ်လို့ Justice For Myanmar က ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့ စစ်လက်နက်အရောင်းပြပွဲဆီ ကာကွယ်ရေးဝန်ကြီး စိန်ဝင်းနဲ့အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် သြစတြေးလျ၊ အိန္ဒိယ၊ နယူးဇီလန်နဲ့ ကိုရီးယားစတဲ့ ADMM-Plus နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီ့နောက် စစ်လက်နက်ထုတ်လုပ်ရေးမြှင့်တင်ဖို့အတွက် (ADMM) ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်လက်နက်ထုတ်လုပ်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့နဲ့ စစ်လက်နက်တင်သွင်းမှုအပေါ် မှီခိုနေရတာတွေ လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ အာဆီယံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ADIC) ကို ဖွဲ့စည်းခဲ့ပါတယ်။

ADIC ရဲ့ သဘောတူညီချက်အရ  ကာကွယ်ရေးကဏ္ဍမှာ မိတ်ဖက်ဆောင်ရွက်တာနဲ့ စစ်လက်နက်ပူးပေါင်းထုတ်လုပ်ရေးအတွက် ပူးတွဲ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အပါအဝင် ပူးတွဲအရောင်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းပေးတာတွေ လုပ်ဆောင်ဖို့ ပါဝင်တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ADIC အစည်းအဝေးမှာ စစ်သုံးယာဉ်တွေအတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အဖွဲ့ဝင်တွေက သဘောတူခဲ့ပြီး ထိုင်းနဲ့ မြန်မာတို့က လက်နက်ထုတ်လုပ်ရေး လုပ်ငန်းအတွက် ကွန်ပျူတာနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့တာ ရှိပါတယ်။

အာဆီယံကာကွယ်ရေးနှင့်လုံခြုံရေးအင်စတီကျူးရှင်းများကွန်ရက်(NADI)ဟာ ကာကွယ်ရေးစက်မှု လုပ်ငန်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အပြင် စစ်ရေးလေ့ကျင့်မှုနဲ့ စစ်ဘက်ပညာရေး အတွက်လည်း ထည့်သွင်း ထားပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံကာကွယ်ရေးနှင့်လုံခြုံရေးအင်စတီကျူးရှင်းများကွန်ရက် (NADI) အစည်းအဝေးမှာ ဗိုလ်ချုပ်မြင့်ကျော်ထွန်းက စစ်သည်အသုံးအဆောင်နဲ့ စစ်ပစ္စည်းတွေ တီထွင်ဆန်းသစ်မှု အကြောင်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။ 

ADIC ၊ NADI နဲ့ ADMM အဖွဲ့တွေကတဆင့် လက်နက်၊ နည်းပညာနဲ့ လက်နက်ထုတ်လုပ်မှုပိုင်းဆိုင်ရာ  ပံ့ပိုးကူညီမှုတွေကို ရရှိနိုင်တာကြောင့် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီရာ ရောက်စေတယ်လို့ Justice For Myanmar ကဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဘရူနိုင်းနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့ ကာလမှာလည်း အာဆီယံအသိုက်အဝန်းဟာ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာရမယ့်အစား “စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းစေဖို့ အာဆီယံစစ်ရေးလေ့ကျင့်မှုအစီအစဉ်ထူထောင်စို့ “ ဆိုတဲ့ စာတမ်းကို တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ADMM အစည်းအဝေးမှာ အာဆီယံကာကွယ်ရေးဆိုင်ရာ အပြန်အလှန်တုံ့ပြန်ရေး အစီအစဉ်တစ်ရပ် ထူထောင်ဖို့ အတည်ပြုခဲ့ပြီး ဒီအဆိုပြုချက်ဟာ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေ ကျုးလွန်နေတာကို လျစ်လျူရှုပြီး စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို ပြောင်ပြောင်တင်းတင်း မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီလမှာပဲ မြထွန်းဦးဟာ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နဲ့ အမေရိကန် ဗိုလ်ချုပ်တွေ ပါဝင်တဲ့ ADMM Plus ကို တက်ရောက်ခဲ့ပါတယ်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်တပ်က ဆိုးဆိုးရွားရွား ပြင်းပြင်းပြင်းထန်ထန် အကြမ်းဖက်နေတဲ့ကာလ အဲဒီအစည်းအဝေးမှာ မြထွန်းဦးက “မြန်မာနိုင်ငံတွင်း လုံခြုံရေးစိန်ခေါ်မှုများ” နှင့် “တိုင်းပြည်၏လက်ရှိတိုးတက်မှုများ” ခေါင်းစဉ်နဲ့ အမြင်ဖလှယ်ခဲ့သလို ရုရှားနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ စစ်တပ်က ဝါဒဖြန့်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ မြထွန်းဦးဟာ ADMM အပန်းဖြေအနားယူခရီးစဉ်မှာပါခဲ့ပြီး သြစတြေးလျ၊ တောင်ကိုရီးယားတို့နဲ့ အလွတ်သဘောဆွေးနွေးပွဲတွေ လုပ်ခွင့်ရခဲ့ပြီး တရုတ်ဗိုလ်ချုပ်တွေနဲ့လည်း ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒီလို တွေ့ဆုံခွင့်ရခဲ့တာတွေဟာ အကြမ်းဖက်မြန်မာစစ်အုပ်စုကို တရားဝင်မှု ရစေဖို့ အခွင့်အလမ်းတွေ ထပ်ပေးတာ ဖြစ်ပြီး သတင်းအချက်လက်တွေ၊ အတွေအကြုံတွေနဲ့ ပြည်တွင်းဝါဒဖြန့်ချိရေးအတွက် အကျိုးရှိစေခဲ့ပါတယ်။

စက်တင်ဘာလ ချင်းပြည်နယ်မှာ မြန်မာလေတပ်က တရားလက်လွတ်လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင် နေတဲ့ကာလမှာ ထိုင်းနိုင်ငံက ဦးဆောင်တဲ့ အာဆီယံရဲ့လုပ်ဆောင်နိုင်စွမ်း မြှင့်တင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ရည်ရွယ်တဲ့ အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံမှာ စစ်ရာဇဝတ်ကောင် လေတပ်ဗိုလ်ချုပ်ဟောင်း မောင်မောင်ကျော် တက်ရောက်ခွင့် ရခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ အာဆီယံတပ်မတော် စစ်ဦးစီးချုပ်များ ဘက်စုံအစည်းအဝေးကိုလည်း  စစ်ရာဇဝတ်ကောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့ပြီး ဒီအစည်းအဝေးမှာ စိုးဝင်းက စစ်တပ်ရဲ့ ကိုဗစ်-၁၉ ပြန်လည် ထူထောင်ရေးမှာပါခဲ့တဲ့ အခန်းကဏ္ဍကို ဦးဆောင် ဆွေးနွေးခဲ့ကာ ခုလိုပါခွင့်ရတာကို အာဏာသိမ်းကြိုးပမ်းမှု ဆယ်လတာအတွင်း အောင်မြင်မှုမှတ်တိုင်အဖြစ် ဝါဒဖြန့်ခဲ့ပါတယ်။

စိုးဝင်းကို အခုလို နေရာတစ်ခုပေးလိုက်တာဟာ အာဆီယံစစ်တပ်အကြီးအကဲတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း လျစ်လျုရှုလိုက်တာ ဖြစ်တယ်လို့ Justice For Myanmar ကဆိုပါတယ်။

မတ်လမှာ မြန်မာစစ်တပ် စစ်ဦးစီးချုပ်ဗိုလ်ချုပ်မောင်မောင်အေးက ဗီယက်နမ်ပြည်သူ့ တပ်မတော် (VPA) စစ်ဦးစီးချုပ်၊ ဗီယက်နမ် ဒုတိယကာကွယ်ရေးဝန်ကြီးတို့နဲ့ နှစ်နိုင်ငံအရေး ဆွေးနွေးခဲ့ပါတယ်။ ဗီယက်နမ်ရဲ့ တရားဝင်အကောင့်တစ်ခုအရ မောင်မောင်အေးက “VPA နဲ့ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်းနဲ့ ဗီယက်နမ်နိုင်ငံသားတွေအတွက် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးပေးပါ့မယ်” လို့ ကတိပြုခဲ့ပါတယ်။

မြန်မာစစ်တပ်အတွက် ဗီယက်နမ်ဟာ စစ်လက်နက်ပစ္စည်းတွေနဲ့နည်းပညာတွေ ဝယ်ယူတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်တပ်လုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းနဲ့ ပူးပေါင်းပြီး မိုဘိုင်းကွန်ရက် Mytel မှာ အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘောဒီးယားမှာ ကျင်းပနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM မှာလည်း  စစ်ကောင်စီကာကွယ်ရေးဝန်ကြီး  ဗိုလ်ချုပ်မြထွန်းဦးကို ပါဝင်တက်ရောက်ခွင့်ပေးထားပါတယ်။

ADMM နဲ့ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေက မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေတာဟာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ကို အားနည်းပျက်ပြားအောင် စနစ်တကျ လုပ်နေတာဖြစ်တယ်လို့ Justice For Myanmar က  ဝေဖန်ထောက်ပြထားပါတယ်။

ဇွန်လ ၂၁ ရက်မှ ၂၂ ရက်အထိ ဖနွမ်းပင်မှာ ကျင်းပမဲ့ ADMM အစည်းအဝေးကနေ အကြမ်းဖက် မြန်မာစစ်တပ်က ကာကွယ်ရေးဝန်ကြီး မြထွန်းဦးကို ထုတ်ပယ်ဖို့နဲ့ ASEAN ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံဖို့ Justice For Myanmar ကတိုက်တွန်းထားပါတယ်။

Photo- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013