DVB Logo
Home
မြန်မာသတင်း
ကျောင်းသူ ၁ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၁၄ ဦးရှိဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား သမဂ္ဂထုတ်ပြန်
DVB
·
June 22, 2022
ကျောင်းသူ ၁ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၁၄ ဦးရှိဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား သမဂ္ဂထုတ်ပြန်
Donate to DVB

စစ်အုပ်စုက တက္ကသိုလ်ကျောင်းသူ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး  ကျောင်းသားကျောင်းသူ ၁၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၁ ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစတင်ပြီး အခုနှစ် မေ ၁ ရက်အတွင်း ကျောင်းသားများ သမဂ္ဂက ကောက်ယူထားတဲ့ ဒေတာအချက်အလက်တွေကို အခြေခံပြီးတော့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီစာရင်းထဲမှာ မပါဝင်ပဲ ကျန်ရှိနေတဲ့ မတရားဖမ်းဆီးခံ ကျောင်းသားကျောင်းသူတွေ၊ အကြမ်းဖက်စစ်ကောင်စီ လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျောင်းသားကျောင်းသူတွေ ရှိရင်လည်း ကျောင်းသားများသမဂ္ဂဆီ သက်ဆိုင်ရာ မိသားစု၊ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေက ဆက်သွယ်စာရင်းပေးသွင်းကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီ လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ မဟန်နီဦးကတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရူပဗေဒဌာနမှ နောက်ဆုံးနှစ်ကျောင်းသူတယောက်ဖြစ်ပြီး မေ ၁၉ ရက် နေ့လယ်ပိုင်းက မိခင်၊ ဦးလေးဖြစ်သူတို့နဲ့အတူ နေအိမ်ပိုင် ဆိုင်ခန်းအတွင်း ရှိနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီ ခါးပိုက်ဆောင် လက်နက်ကိုင် ရန်ကုန်သွေးသောက်အဖွဲ့က အနီးကပ် နားထင်ကို သေနတ်နဲ့ ၂ ချက်တိတိ ပစ်ခတ်ခံခဲ့ရပြီး မိသားစုနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျောင်းသားများသမဂ္ဂအဖွဲ့ကထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ဖမ်းဆီးခံကျောင်းသား ၈ ယောက်ဟာ ထောင်ဒက် ၂ နှစ်ကနေ ၆ နှစ်အထိချမှတ်ခံထားရပြီး ၃ ယောက်ကတော့ ထောင်တွင်းစစ်ဆေးဆဲဖြစ်ကာ ကျောင်းသားကျောင်းသူ ၃ ယောက်ကတော့ ဖမ်းဆီးခံရပြီးချိန်ကတည်းက အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားတဲ့ ကာလဟာ အချိန် ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေအပေါ် ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

တိုင်းနဲ့ပြည်နယ်အနှံ့မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး မြို့ပြမှာလည်း အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူတွေဟာ စစ်အုပ်စုရန်၊ သတင်းပေးနဲ့ ဒလန် ရန်တွေကနေ ကင်းလွတ်အောင် နေထိုင်နေကြရပြီး ပစ်ခတ် ဖမ်းဆီးတာတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။

မြို့ပြပျောက်ကြားတပ်ဖွဲ့တွေကလည်း စစ်တပ် သတင်းပေး ဒလန်လို့ သတ်မှတ်ခံရသူတွေ၊ တပ်ထောက်ခံသူတွေ၊ စစ်ကောင်စီဒေါက်တိုင် ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး၊ သွေးသောက် အဖွဲ့ဝင်တွေကို ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူပေါင်း ၂,၀၀၀ ထိ ရှိလာခဲ့ပြီး နိုင်ငံတဝန်း ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၂၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013