
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ (၁၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပါဝင်တက်ရောက်နေပါတယ်။
မြန်မာစစ်တပ်က အရပ်သားပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ် နှိမ်နင်းခဲ့တာတွေကြောင့် နိုင်ငံတကာနဲ့ ရာနဲ့ချီတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စစ်ကောင်စီ ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေးတွေမှာ မဖိတ်ကြားဖို့ တောင်းဆိုနေတဲ့ကြားက ကမ္ဘောဒီးယားက မြန်မာစစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
ဇွန် ၂၂ ရက် ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွက် မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ကာကွယ်ရေးဝန်ကြီးတွေကို ဖိတ်ကြားခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ မူဝါဒနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထွေထွေဒါရိုက်တာ ဗိုလ်ချုပ် နမ်ဆိုဝ့သ်က ပြောပါတယ်။
“ကျနော်တို့က ဒီနှစ်မှာ အာဆီယံဥက္ကဋ္ဌ ဖြစ်နေတာကြောင့် အာဆီယံဟာ ၁၀ နိုင်ငံရှိတဲ့အတိုင်း အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို ဖိတ်ဖို့လိုပါတယ်။ ဒီအတွက် အာဆီယံ ၈ နိုင်ငံရဲ့ သဘောတူညီမှုလည်း ရခဲ့ပါတယ်။”
ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ အဖွဲ့ဟာ ဖနွမ်ပင်မြို့မှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဇွန် ၂၁ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးနဲ့အတူ ကာကွယ်ရေးဌာနလက်အောက်ခံ နိုင်ငံတကာရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးနဲ့ တာဝန်ရှိသူတွေလည်း လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတဲ့ စစ်ခေါင်းဆောင်တွေ စာရင်းမှာလည်း ထည့်သွင်းခံထားရပါတယ်။
အရပ်သားတွေအပေါ် မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာမှာ အဓိကတာဝန်ရှိတယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မပါဝင်စေဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၆၇၇ ဖွဲ့ကနေ တောင်းဆိုထားပါတယ်။
ဖိတ်ကြားခဲ့မယ်ဆိုရင် ဒါဟာ အာဆီယံအဖွဲ့ကနေ အရင်ကချမှတ်ထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားပြု ကိုယ်စားလှယ်တွေကို ဘယ်အစည်းအဝေးကိုမှ မဖိတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ပါဝင်စေခဲ့မယ်ဆိုရင် စစ်ကောင်စီကို တရားဝင်အဖြစ် အသိအမှတ်ပြု အားပေးသလိုဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေမှာ အာဆီယံက သဘောတူ အားပေးထောက်ခံရာ ရောက်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
နောင်လာမယ့် အာဆီယံအစည်းအဝေးတွေ အားလုံးမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဖိတ်ကြားခြင်းမပြုဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကာ ဖိတ်ကြားဖို့နဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းပေးရန် ဆောင်ရွက်ဖို့တို့ကို တောင်းဆိုထားပါတယ်။
ဇန်နဝါရီလတုန်းကလည်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုကို ဆန့်ကျင်ပြီး လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံကိုလာရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဟွန်ဆန်ရဲ့ လုပ်ဆောင်ချက်တွေဟာ အာဆီယံအပေါ် ယုံကြည်အားထားနိုင်တဲ့ တန်ဖိုးကို လျော့နည်းစေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ပြောထားပါတယ်။