DVB Logo
Home
မြန်မာသတင်း
စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသည့် မြန်မာပြည်သူ ၂၀၀၀ အတွက် ဝမ်းနည်းကြောင်း သံရုံးများ ဖေ့စ်ဘွတ်ခ်တွင် အနက်ရောင်ပရိုဖိုင်ပုံပြောင်း
DVB
·
June 22, 2022
စစ်တပ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသည့် မြန်မာပြည်သူ ၂၀၀၀ အတွက် ဝမ်းနည်းကြောင်း  သံရုံးများ ဖေ့စ်ဘွတ်ခ်တွင် အနက်ရောင်ပရိုဖိုင်ပုံပြောင်း
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူအယောက် ၂,၀၀၀ အထိရှိလာတဲ့အပေါ် ဝမ်းနည်းပူဆွေးရကြောင်းပြသတဲ့အနေနဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ(အီးယူ) အပါအဝင် ရန်ကုန်ရှိ နိုင်ငံတကာ သံရုံးတချို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ ဇွန် ၂၂ ရက်မှာ အနက်ရောင်ပရိုဖိုင်တွေ ပြောင်းလဲထားကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုကစပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူ ၂,၀၀၀ အတွက် ဝမ်းနည်းပူဆွေးရကြောင်းနဲ့ နိုင်ငံတဝန်း မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေဟာ စစ်တပ်အတွင်းမှ တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အပူတပြင်းလိုအပ်နေကြောင်း မီးမောင်းထိုးပြနေတယ်လို့ ရေးသားထားခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်အနေနဲ့ မိမိတို့ရဲ့ မိတ်ဖက်တွေ၊ မြန်မာပြည်သူတွေနဲ့အတူ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး တဘက်မှာလည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေ၊ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဖိအားပေးတောင်းဆိုထားပေမဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ ဒါကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ကာ ဆက်လက်ပြီးတော့ ဖမ်းဆီးနှိပ်စက်တာတွေ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု တနှစ်ကျော် ရှိလာခဲ့ချိန်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ ဘယ်သူ့ကိုမဆို နှိမ်နင်းနေတာကြောင့် ထိခိုက်ဒဏ်ရာရရှိတာတွေ၊ သတ်ဖြတ်ခံရမှုတွေလည်း ပိုမိုမြင့်တက်နေပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာ ပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၈ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ NUG ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၂၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပြီး ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ကာ အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၁၅၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၁၆၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရကာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလကုန်အထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၆၁၇ ထက်မနည်း ရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013