Home
ဆောင်းပါး
နားကပ်တရန်က ပွင့်အန်လာတဲ့အသံ
DVB
·
June 22, 2022

“ဟယ်... အခုလေ ဖေ့စ်ဘွတ်ခ်ပေါ်က  ပို့စ်တွေကြည့်ပြီး လိုက်ဖမ်းနေတာတဲ့နော်.... သမီးတို့ သားတို့လည်း ဖေ့စ်ဘွတ်ခ်ပေါ်တင်ထားတဲ့ ဆန္ဒပြတုန်းကပုံတွေ ပြန်ဖျက်ပစ်လိုက်ကြ၊ နောက်ထပ်လည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာမှမတင်ကြနဲ့တော့”

ချောက်ချားမှုပြည့်နေသည့် ဆရာမ၏အသံက အခန်းငယ်ထဲ ပျံ့လွင့်နေ၏။ မွေးနေ့ပွဲလာသူများ တယောက်မျက်နှာ တယောက် ကြည့်ဖြစ်ကြသည်။ မိမိတို့၏ ငယ်ဆရာမက ပြောနေသည်ဆိုသော အသိဖြင့် အားလုံးက ငြိမ်နေကြသည်။

“အဲဒီလို ဆန္ဒပြသူတိုင်းကို ဖမ်းမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ထောင်တွေ ဆန့်ပါ့မလား ဆရာမ”

ကျနော့် တုံ့ပြန်မေးခွန်းအဆုံး ဆရာမက လှစ်ခနဲ မျက်စောင်းထိုးကာ မှတ်ချက်ပြုသည်။

“အေး .... မင့်မကြောက်ရင်နေ၊ ခံစရာရှိ ကိုယ့်ဘာသာခံ”

ကျန်သူများထံမှ ဘာသံမှ ထွက်မလာဘဲ ထမင်းဟင်းကိုသာ ငုံ့စားနေကြတော့သည်။ ဆရာ၊ ဆရာမ၏ စကားဟူသမျှသည် ပြန်လည်ဆွေးနွေးရန်မရှိဘဲ နာခံရန်သာရှိသည်ဟူသော ပညာရေးစနစ်အောက်တွင် ကြီးပြင်းလာရသူတို့ထံမှ ဘာသံမျှ ပေါ်ထွက်မလာခြင်းမှာ အဆန်းတော့ မဟုတ်လှ။ ကျနော်လည်း “ခံစရာရှိ .... ကိုယ့်ဘာသာခံ” ဆိုသည့် စကားပိတ်နောက်မှာ ဘာမှ ထပ်မဆွေးနွေးလိုတော့။ ဇွန်းခက်ရင်းကိုသာ ကိုင်လိုက်ရတော့သည်။

ဆရာမမွေးနေ့မို့ တပည့်များကို ထမင်းကျွေးမည်ဆို၍ ၂၀၂၁ ဇွန်လ၏ နေ့ခင်းတခု၌ စားသောက်ဆိုင်တခု၏ အခန်းတခုအတွင်း ကျနော်တို့ စုစည်းမိနေခြင်းဖြစ်၏။ သက်ပြည့်ပင်စင်ယူပြီးစ ဆရာမသည် အသက် ၄၀ ကျော် သူ့တပည့်များကို စိုးရိမ်စိတ်ဖြင့် ဆုံးမစကားပြောနေသည်ဟု သူ့ဘာသာ ‌မှတ်ယူပေလိမ့်မည်။ ကျနော်ကမူ အကြောက်တရား ရိုက်သွင်းခံနေရသည်ဟု ခံစားရသည်။

ကျနော်တို့သည် ငယ်စဉ်ကပင် အကြောက်တရား ရိုက်သွင်းခံကြရသည်။ ဒေဝေါကြီး လာပြီ ဆိုသည်နှင့် ဒေဝေါဆိုသော စကားလုံးကို သေချာဂဏ နားမလည်ပါဘဲ ကျနော်တို့ ကြောက်ခဲ့ကြရသည်။ ဒေဝေါဆိုသော စကားလုံးထက် ခြောက်လှန့်ပြောသူ၏ အသံနှင့် ဟန်ကို ကြည့်၍ ကြောက်ကြရခြင်း ဖြစ်၏။

ကြောက်သည်။ ကြောက်ကြရသည်။ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှ လူပျိုဖော်၊ အပျိုဖော် ဝင်လာရသော ကျနော်တို့မျိုးဆက်သည် အကြောက်တရားနှင့် ပို၍ မိတ်ဆက်ပေးခံထားရ၏။ ကျောင်းကို စစ်တိုင်းမှူးလာမည်ဆိုလျှင် စစ်တိုင်းမှူးကို မကြောက်သော်လည်း လက်အုပ်ချီထားသည့် ဆရာမများက နောက်ကနေ လက်အုပ်လိုက်မချီသည့် ကျောင်းသားကို ခေါင်းခေါက်မှာ ကြောက်သည်။ လက်ခေါက်အရိုက်ခံရမှာ ကြောက်သည်။ ဤသို့ဖြင့်  လက်ဆင့်ကမ်းအမွေ အကြောက်တရားကြီးကို ကျနော်တို့ငယ်စဉ်ကပင် မနိုင်မနင်း ထမ်းပိုးခဲ့ကြရသည်။

တကယ်တော့ လူကြီးသူမများနှင့် ဆရာ၊ ဆရာမများက အကြောက်တရားနှင့် ဆင်ခြင်တုံတရားကို ခွဲခြားသင်ပေးခဲ့လျှင် အဘယ်မျှ ကောင်းလိမ့်မည်နည်း။ အခုတော့ သည်လိုမဟုတ်။ စစ်အစိုးရလက်ထက် ကြီးပြင်းခဲ့ရသော ကျနော်တို့မှာ အကြောက်တရား ဝတ်စုံကြီးသာ ကပ်ပါလာခဲ့ပြီ။

အင်းဝကား ပျက်တော့မည်။ ဟံသာဝတီတပ်များ ချီတက်လာကြပြီ။ တချိန်တည်းမှာပင် ကွေ့ရှမ်းခေါင်းဆောင် ဂုဏ္ဏအိမ်၏ တပ်များကလည်း မိုးမိတ်၊ မိုးကုတ်မှသည် စဉ့်ကူးနယ်အထိ သိမ်းပိုက်ထား၏။ နှစ်ဖက်‌သော ရန်သူများအကြား မုဆိုးဖို ကျရောက်နေရသည်။  မုဆိုးဖိုရွာသူကြီးသည် ပတ်ဝန်းကျင်မှ ၄၆ ရွာကို သူ့ရွာအတွင်း စုစည်းထားလိုက်ပြီ။ မြို့ငယ်တခု အရွယ်အစားဖြစ်သွားသော သူ့ပိုင်နက်ကို ထန်းလုံးများဖြင့် ခံတပ်ဆောက်သည်။ ရန်သူများ အလွယ်တကူ ထိုးဖောက်ဝင်ရောက်မလာနိုင်အောင် မုဆိုးဖိုသူကြီးက စီမံသည်။ ထိုမုဆိုးဖိုသူကြီးကား အခြားမဟုတ်။

ကုန်းဘောင်မင်းဆက်ကို ထူထောင်မည့် ဦးအောင်ဇေယျ။ ဦးအောင်ဇေယျ သူ့နယ်ကို အခြားသူများ ဝင်ရောက် အလွှမ်းမိုးမခံရရေး ပြင်ဆင်နေစဉ် ခမည်းတော် မင်းညိုစံနှင့် မယ်တော် စောငြိမ်းဦးတို့ ရောက်လာ၏။ မိဘနှစ်ပါးသည် ဟံသာဝတီတပ်၏ အင်အားကို ကြားသိပြီးကြလေပြီ။ ကွေ့ရှမ်းတို့၏ အင်အားကိုလည်း မှန်းဆမိကြပေပြီ။ သို့နှင့် သားဖြစ်သူ ဦးအောင်ဇေယျကို ဟံသာဝတီတပ်များထံသာ အညံ့ခံ၊ သစ္စာခံရန် ဖျောင်းဖျကြလေသည်။

ဦးအောင်ဇေယျက “ဘာကိုမျှ စိုးရိမ်တော် မမူကြပါလင့်၊ ယောကျ်ားကောင်းတို့မည်သည်မှာ လုံ့လဝီရိယနှင့် အကြံအစည်ကိုလျှော့မည်မဟုတ်ပါ၊ အများသူငါ သစ္စာခံသော်လည်း  ကျနော်တို့ ကြောက်ရွံ့မည်မဟုတ်ပါ၊ လူနည်းသည် များသည်၊ လက်နက်များသည် နည်းသည်က ပဓာနမဟုတ်ပါ၊ လုပ်ရည် ကြံရည်သည်သာ ပဓာနဖြစ်ပါတယ်၊ ပြည်သူပြည်သား၊ သာသနာတော်၊ ဆွေတော်မျိုးတော်တို့၏ ကျေးဇူးကို ဆပ်ပါမည်” ဟု  ပြန်လျှောက်သည်။

ခမည်းတော် မင်းညိုစံလည်း “သို့ဆိုလျှင် သားတော် ဗမာပီပီ နောက်မဆုတ်တမ်းကြံပါလေ” ဟု  မိန့်ကာ ပြန်လည်ကြွချီသွားလေသည်။

ဤသည်မှာ ပါးစပ်ရာဇဝင်မဟုတ်။ မန္တလေးတွင် နန်းမြို့ရိုးကြီး အထင်အရှားရှိနေသည့် ကုန်းဘောင်မင်းဆက်အစ၏ သမိုင်းအမှန်တပုဒ်။ လူကြီး၏ ဆင်ခြင်တုံတရား။ လူငယ်၏ မကြောက်တရား။ မစိုးရွံ့တတ်သည့် လူငယ်အပေါ် တုံ့ပြန်သွားသည့် လူကြီး၏ အားပေးစကား။ ဘယ်လောက်လှလိုက်ပါသလဲ။ ဤစကားများသည် ကုန်းဘောင်မင်းဆက်ကို ဖြစ်တည်စေခဲ့သော ကနဦး ခွန်အားစကားများပင်။ အဓမ္မပြုကျင့်သူတို့၏ မလျော်ကန်သည့် အပြုအမူကို ဝေဖန်ပြစ်တင်ရမည့်အစား ခေါင်းငုံ့မခံလျှင် ကိုယ်ဖြစ်ကိုယ်ခံဟု စကားကတ်ပြောသည့် စကားမျိုးမဟုတ်။

လောက၌ ကြောက်စရာအကောင်းဆုံးအရာသည် အကြောက်တရားဖြစ်၏။ အကြောက်တရား ကိန်းအောင်းနေသမျှ မည်သည့်အရာကိုမျှ ကောင်းမွန်အောင် တည်ဆောက်၍ မရနိုင်ပေ။ ထို့ကြောင့်လည်း အာဏာရှင်အဆက်ဆက်သည် လူထုထံ အကြောက်တရား ရိုက်သွင်း၍ ဒူးထောက် အညံ့ခံလာအောင် ပြုလေ့ရှိကြသည်။ သို့သော် အကြောက်တရားသည် အကန့်အသတ်ရှိ၏။ နေမထူး အခြေအနေတွင် အကြောက်တရားသည် အလိုလို ကွာကျသွားတတ်၏။ ဒေသကာကွယ်ရေးတပ်များအတွက် နားကပ်ချွတ် လှူလိုက်သော မြိုင်နယ်မှ အဘွားအို၏ နားကပ်လေးက ထိုသဘော၏ပြယုဂ် ဖြစ်ချိမ့်မည်။ ဟောင်းလောင်းဖြစ်သွားသော အဘွားအို၏ နားပေါက်သည် နားကပ်အပြင် အကြောက်တရားပါ ကွာကျသွားခြင်း ဖြစ်ပေလိမ့်မည်။

သင်နှလုံးသားရှိလျှင် ထိုနားကပ်လေးမှ ထွက်အံကျလာသော စကားသံများကို ကြားရနိုင်ပါသည်။

“ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်ရင် နောက်ကျရင် မကြောက်ရတဲ့ခေတ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောက်ဆက်ပြီးတော့ ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားမယ်။ အဲဒီတော့ အားလုံးက မှန်တာကို လုပ်နေပြီဆိုရင် ကြောက်နေလည်း လုပ်ရမှာပဲ” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားသံများကို ထိုနားကပ်လေးက ပြန်လည်ဖွင့်အံပြသံကို သင်ကြားနိုင်လိမ့်မည် ထင်ပါသည်။

စောအဲမွန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024