တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝဗျောကျေးရွာနေ အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်ချို (ခ) မယ်ချိုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်၊ စရဖတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပါဝင်တဲ့ ကားသုံးစီးဟာ ဇွန် ၂၁ ရက်၊ ည ၁၀ နာရီခွဲလောက်က ဝဗျောကျေးရွာအတွင်းရှိ နေအိမ်သုံးလုံးကို သေနတ်ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေါ်ခင်ချိုကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇွန် ၂၂ ရက်၊ မနက် ၂ နာရီလောက်မှာတော့ သေနတ်ဒဏ်ရာတချက်အပြင် ဓားဒဏ်ရာ၊ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီဖြစ်တဲ့ ဒေါ်ခင်ချိုရဲ့ ရုပ်အလောင်းကို နေအိမ်ရှေ့မှာ လာရောက်စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။
ရွာခံလူငယ်တဦးက “လက်တွေကို ဓားတွေနဲ့လှီးထားတာ၊ လက်သန်းတချောင်းကိုလည်း ဖြတ်ပစ်ထားတယ်၊ မျက်နှာမှာလည်း သေနတ်ဒင်နဲ့ထုထားတဲ့ ဒဏ်ရာတွေ လက်ဖဝါးရာတွေပါ ထင်နေတာ” လို့ ပြောပါတယ်။
ဒေါ်ခင်ချိုဟာ သာမန်အရပ်သား ပြည်သူတဦးဖြစ်ပြီး ဘာအတွက်ကြောင့် အခုလို ဖမ်းဆီးသတ်ဖြတ်တာလဲ ဆိုတာကိုတော့ အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကတော့ လောင်းလုံးမြို့နယ်အတွင်း ဇွန် ၁၆ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိကာ နေအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။