Home
မြန်မာသတင်း
ယင်းမာပင်ခရိုင်၌ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွား
DVB
·
June 22, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာ ဇွန် ၁ ရက်ကနေ လက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲ ၂၀၀ ဝန်းကျင် ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ပြည်သူတွေ တနေ့တခြား များလာပေမဲ့ ယင်းမာပင်ခရိုင်ထဲကို ပြည်တွင်းပြည်ပ အကူအညီတွေလာတာ မရှိသလောက် နည်းပါးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ PDF တွေ အသုံးပြုခဲ့တဲ့ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချတဲ့ နည်းလမ်းကို တန်ပြန်ပြုလုပ်လာတယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ကိုခန့်က ပြောပါတယ်။

“ယင်းမာပင်ခရိုင်မှာ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင် ပါမယ်။ အဲဒီမှာ ခပ်စိပ်စိပ် တိုက်ပွဲတွေဖြစ်လာတယ်။ ဇွန်လထဲမှာ ယင်းမာပင်ထဲမှာ တိုက်ပွဲ ၂၀၀ ကျော်လောက် ဖြစ်မယ်။ ယင်းမာပင်ခရိုင်ထဲမှာ ရန်သူ့စစ်ကောင်စီတပ်က တိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ စစ်ကောင်စီဘက်က ဒရုန်းတွေ သုံးလာတယ်။ ဒရုန်းနဲ့ ၆၀-မမ နှစ်လုံးချိတ်ဆွဲပြီး ဒရုန်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြန်လည်တိုက်ခိုက်တာမျိုးတွေ ရှိလာတယ်။ သံချပ်ကာကားတွေကတော့ အယောင်ပြပဲ ရှိသေးတယ်။ ပစ်ခတ်တိုက်ခိုက်မှုကတော့ လတ်တလော မလုပ်လာသေးဘူး။ ဗျူဟာအရ ရန်သူ့တပ်က ကျင့်သုံးနေတာမျိုးတွေတော့ ရှိတယ်။”

ယင်းမာပင်မြို့နယ်မှာ ဇွန် ၂၁ ရက် ညနေ ၃ နာရီခွဲဝန်းကျင်က မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာဟာ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်း ၅ မိုင်တိုးဂိတ်နဲ့ ဘန့်ဘွေးရွာမကျေးရွာကြား တနေရာမှာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့က အချိန်အတန်ကြာ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အဖွဲ့ဟာ "ချိုမိုင်မိုင်" ယင်းမာပင် ကနီ မဟာမိတ်တပ်ပေါင်းစုက ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိပေမဲ့ အရေအတွက် အတိအကျ မသိရသေးဘူးလို့ PDF ခေါင်းဆောင်က ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ကား ၁ စီးအပါအဝင် ခြေလျင်တပ်သားတွေလည်း ပါဝင်ပြီး ဇွန် ၁၇ ရက်က မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတနေရာမှာ PDF ပူးပေါင်းအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရစဥ်က စစ်ကောင်စီအဖွဲ့ဝင် ရာထူးကြီး အဆင့်မြင့် ၁ ဦးလည်း ထိခိုက်ခဲ့မှုမှာ ပါဝင်ခဲ့ပြီး အဲဒီအရာရှိကို ဘန့်ဘွေးရွာမဘက်ကနေ မုံရွာဘက်ကို သယ်ဆောင်တဲ့ ခရီးစဥ်အတွင်းမှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ်မှာ ဇွန် ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက်ကလည်း စစ်ကောင်စီယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့ဘက်ကနေ မုံရွာဘက်ကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို မုံရွာ-ယင်းမာပင် လမ်းပိုင်း အင်ကြင်းတောင်အနီးမှာ PDF ပူးပေါင်းအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာနဲ့ပတ်သက်ပြီး တိုက်ခိုက်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တဦးက “မိုင်းရှင်းလင်းရေး လုပ်ဆောင်ဖို့လာတဲ့ တင့်ကားအပါအဝင် ကားလေးစီးနဲ့ ခြေလျင်တပ်သား အင်အား ၁၅၀ ဝန်းကျင်ခန့်ကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်းများနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီလို မိုင်းဆွဲတိုက်ခိုက်တာကို ယင်းမာပင် ဗိုလ်သံမဏိ ဦးဆောင်မှုနဲ့အတူ ဒေါင်းမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ကျွန်မခံ မြွေဆိုးတစ်သိုက် (ရွှေတြိဂံတပ်ခွဲ)၊ ဇာမဏီပြောက်ကျား မဟူရာဗိုလ်စံဖဲအဖွဲ့နဲ့ (LUCKYSEVEN) မဟာမိတ်ညီနောင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားတစီး ပျက်စီးသွားခဲ့သလို စစ်ကောင်စီတပ်သား ၃၀ လောက် ထိခိုက်ကျဆုံးသွားတယ်လို့ ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စက္ကက ပြောပါတယ်။

တိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိခဲ့ပေမဲ့ စာရင်းအတိအကျကိုတော့ ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024