Home
မြန်မာသတင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှု အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆို
DVB
·
June 21, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို  ဇွန်လ ၂၁ ရက် ဒီနေ့ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီနေ့ရုံးထုတ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အမှုတွေထဲက ရာကြီးအမှုအမှတ် ၃၊ ၄၊ ၅ တို့အတွက် ပြန်ခေါ်သက်သေတွေကို အပြန်အလှန် စစ်ဆေးခဲ့ပြီး ရန်ကုန်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာအမှုအတွက်လည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  အပြစ်မရှိကြောင်း သက်သေထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့အမှုတွေကို နေပြည်တော်ကောင်စီ၀င်းအတွင်းရှိ အဆောက်အအုံတစ်ခုမှာ အထူးတရားရုံးပြုလုပ်ပြီး ရုံးထုတ်စစ်ဆေးနေတာဖြစ်ပြီး ဇွန် ၂၃ ရက်နေ့ ရုံးထုတ်ကစပြီး နေပြည်တော်အချုပ်ထောင်အတွင်းရှိ အသစ်ဆောက်လုပ်ပြီးတဲ့ အထူးတရားရုံးမှာ ပြောင်းလဲ ရုံးထုတ်စစ်ဆေးသွားဖို့ရှိနေပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေကို ချေဖျက်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို မတ်လ ၁၅ ရက်နေ့က လျောက်ထားခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုတွေမှာ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်၀န် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၀င် ဦးမင်းသူတို့ကိုလည်း အမှုတွဲအဖြစ် စွဲဆိုထားပါတယ်

ရန်ကုန်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ ပတ်သက်တဲ့ အဂတိအမှုနံပါတ် ၂၅ အတွက် လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် စစ်ကောင်စီတရားရုံးက ဒီနေ့မှာ စစ်ဆေးခဲ့ပါတယ်။ 

ဒီနေ့ရုံးချိန်းမှာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့အမှု ၂ ခုအတွက် တရားလိုပြသက်သေအဖြစ် ဧရာဝတီဘဏ်က မန်နေဂျာတဦးအပါအဝင် ၂ ဦးကို တရားရုံးက ဆက်လက်စစ်ဆေးခဲ့ပါတယ်။

"အမှုနံပါတ် ၂၅ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေကိစ္စ အဲ့ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုစစ်တယ်၊ စွပ်စွဲခံရသူကိုစစ်တာ၊ ဒီနေ့စစ်ပြီးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုတွေအတွက် လိုပြသက်သေ ၂ ယောက် ထပ်စစ်တယ်။ တယောက်က ကိုလှမျိုး၊ သူက ပိုက်ဆံလှူတဲ့နေရာမှာရှိနေလို့။ နောက်တယောက်က ဧရာဝတီဘဏ် မန်နေဂျာတယောက် ကိုအေးမင်းအောင် သူက ပိုက်ဆံထုတ်ပေးတဲ့နေရာမှာ ပတ်သက်လို့။"

အဂတိအမှုပုဒ်မ  ၃/၂၀၂၂ နဲ့ ၄/၂၀၂၂  တို့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ငွေကြေးအဂတိလိုက်စားခဲ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက တရားစွဲဆိုထားတာပါ။ 

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ရုံးချိန်းတုန်းက ၃/၂၀၂၂ အမှုအတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့ တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးကို စစ်ဆေးခဲ့ပြီး သူဟာ ဦးမောင်ဝိတ် အလှူငွေပေးအပ်ချိန်မှာရှိနေခဲ့တဲ့အတွက် လိုပြသက်သေအဖြစ် တင်သွင်းခံခဲ့ရတာပါ။ 

ဇွန်လ ၁၄ ရက်နေ့ရုံးချိန်းမှာတော့ စီးပွားရေးလုပ်ငန်းရှင် ဦးရှောက်စန်းနဲ့ ဦးမောင်ဝိတ်ရဲ့ ကားဒရိုင်ဘာတို့ကို တရားလိုပြသက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့ပါတယ်။

အတိုင်ပင်ခံကို စွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဂတိ ၂ မှုမှာ အဓိကတရားလိုပြသက်သေ ဦးမောင်ဝိတ်က ငွေကြေးလှူဒါန်းတာသာဖြစ်တယ်လို့ မေလ ၃၁ ရက်နေ့ကထွက်ဆိုခဲ့ပြီး ရုံးချိန်းအပြီးမှာ အတိုင်ပင်ခံကို ဦးမောင်ဝိတ်က ကန်တော့ခဲ့ပါတယ်။ ဒီအမှုမှာ တရားလိုအဖြစ် စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က စွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု ၁၉ မှုအထိ ရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။ လက်ကျန် ၁၃ မှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ် ၁၈၂ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024