မကွေးတိုင်း ပေါက်မြို့နယ်မှာ ဇွန် ၂၀ ရက်မနက်ပိုင်းက ဒေသခံလူငယ် တယောက်ကို PDF အဖြစ် စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ရေပြာရွာက ကိုသိန်းမြင့်အောင်ကို ဇွန် ၂၀ ရက် မနက် ၉ နာရီလောက်က ရေပြာရွာ အဝင် ပုသိမ်-မုံရွာလမ်းဆုံမှာ ဖမ်းဆီးသွားပြီး ပေါက်မြို့မရဲစခန်းကို ခေါ်သွားကြတယ်လို့ ရေပြာကျေးရွာဒေသခံတယောက်က ပြောပါတယ်။
“စစ်(...)၊ရဲ(...)နဲ့ ပျူ(...)တွေဟာ ရေပြာရွာအဝင်မှာ ပိတ်ဆို့စစ်ဆေးပြီး ပြည်သူတွေကို နေစဥ် ရက်ဆက်ဖမ်းတယ်။ အထူးသဖြင့် မိဘပြည်သူတွေအနေနဲ့ အပြင်သွားမယ်ဆိုရင် လက်ကိုင်ဖုန်းတွေကို အသေချာရှင်းလင်းရေး လုပ်ပြီးမှ သွားလာကြဖို့နဲ့ ဖြစ်နိုင်ရင် ဖုန်းယူ မ သွားတာတော့ အကောင်းဆုံးပဲ”
ပေါက်မြို့နယ် ကျားပစ်ကန်ရွာက ဒေသခံပြည်သူတယောက်ကိုလည်း ဇွန် ၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးသူဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မကွေးတိုင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ ပြည်သူ ၄၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။