DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်းများတွင် လူငယ်များ သွေးကြောထဲ ဘိန်းဖြူထိုးသွင်းသုံးစွဲမှု ပိုများလာ
DVB
·
June 21, 2022
ကချင်စစ်ရှောင်စခန်းများတွင် လူငယ်များ သွေးကြောထဲ ဘိန်းဖြူထိုးသွင်းသုံးစွဲမှု ပိုများလာ
Donate to DVB

ကချင်ပြည်၊ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ဘိန်းဖြူမူးယစ်ဆေး သွေးကြောထဲထိုးသွင်း သုံးစွဲတဲ့လူငယ်တွေ ပိုမိုများပြားလာနေတယ်လို့ စစ်ရှောင်စခန်းနေ ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်စခန်းထဲမှာနေထိုင်တဲ့ လူငယ်တွေဟာ  လွန်ခဲ့တဲ့နှစ်တွေကနေ စတင်ပြီး မူးယစ်ဆေးသုံးစွဲမှု တဖြည်းဖြည်းနဲ့ များပြားလာကာ အသက် ၁၅ နှစ်အထက် လူငယ်တွေနဲ့ အိမ်ထောင်သည်အရွယ်အမျိုးသားတွေအထိ တွေ့ရတယ်လို့ စစ်ရှောင်စခန်းမှာ နေထိုင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ပြောတောင်မပြောချင်တော့ဘူး၊ ကမ္ဘာကြီးကလည်း ဘာတွေဖြစ်လာလဲမသိဘူး၊ စိတ်လဲညစ်လာပြီ။ စခန်းထဲကလူငယ်တွေလည်း ဘိန်းသုံးတာတွေ အများကြီးရှိလာတယ်၊ အသက် ၁၅၊ ၁၆ အရွယ်တွေကော ကလေးရှိတဲ့ ကလေးအဖေတွေကောပဲ။ အပြင်မှာသွားသုံးကြတာ၊ ပတ်ဝန်းကျင်တွေမှာလည်း လွယ်လွယ်နဲ့ဝယ်လို့ရနေတော့ သုံးတဲ့သူတွေများလာတာ၊ အရင်က စခန်းမှာသုံးတဲ့သူတွေ မရှိသလောက်ပဲ၊ အခုနောက်ပိုင်း သိသိသာသာများလာတယ်၊ တနှစ်ကျော်ရှိလာပြီ။” 

စစ်ရှောင်စခန်းတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီး စစ်ရှောင်စခန်းတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပညာပေးဟောပြောတာတွေ လာရောက်ပြုလုပ်လေ့ရှိပေမဲ့ စခန်းထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အမျိူးသမီးအများစုသာ လာရောက် နားထောင်ကြပြီး  လူငယ်တွေနဲ့ မူးယစ်ဆေးဝါးသုံးသူတွေ လာရောက် ပါဝင်တာ မရှိသလောက်ဘဲလို့  စခန်းထဲက အခြေအနေကို စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းက လူငယ်တွေ မူးယစ်ဆေး သုံးစွဲမှုများပြားလာတာနဲ့ပတ်သက်ပြီး ဆယ်စုနှစ်တခုကြာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ကြိုတင်ကာကယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေသူ တဦးကလည်း မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းရဲ့ အခြေအနေကို ရှင်းပြပါတယ်။

“မြစ်ကြီးနား၊ ဝိုင်းမော် အခြေအနေက တော်တော်ဆိုးနေပြီး၊ စစ်ရှောင်စခန်းတွေမှာကော၊ အပြင်မှာကောပဲ။ ပိုးဆိုးတာက အခုမှ ဘိန်းဖြူ စသုံးတဲ့လူငယ်တွေ ရှော့ဖြစ်ပြီး အသက်ဆုံးရှုံးရတာများလာတယ်။ အခုမှစသုံးတော့ အတိုင်းအဆမရှိ သွေးကြောထဲထိုးထည့်တော့ ရှော့ဖြစ်ပြီး ဂန့်ကုန်တာ၊ ဒီနှစ်လအတွင်း ရှော့ဖြစ်လို့ အသက်ဆုံးရှုံးသွားတဲ့ လူငယ်အလောင်း ၁၀ ဝန်းကျင်လိုက်ကောက်ပြီး သင်္ဂြိုဟ်ပေးလိုက်ရတယ်၊ စစ်ရှောင်စခန်းတွေကကော ပါတယ်၊ ဘယ်စစ်ရှောင်စခန်းဆိုတာတော့ မပြောတော့ဘူး။”

စစ်ရှောင်စခန်းတွေမှာ ရှိတဲ့လူငယ်တွေ မူးယစ်ဆေးသုံးစွဲမှုတွေများလာပေမဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်လို့တားဆီးဖို့ အဓိကထားကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ မရှိသလောက်ပဲလို့ မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းလုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“လက်ရှိ စစ်ရှောင်စခန်းတွေမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေ တဖြည်းဖြည်းနဲ့များလာနေတယ်၊ စစ်ရှောင်ပြည်သူတွေကို အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့သင်တန်းတွေပေးတာ၊ အလုပ်ကိုင်တွေ ဖန်တီးပေးတာတွေ့ရတယ်။ ဒါပေမဲ့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး အဓိကထား ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ မတွေ့ရသလောက်ပဲ၊ ကျန်တာတွေ ဘယ်လောက်ပဲ ကူညီညီ၊ လူငယ်တွေ မူးယစ်ဆေးဝါးစွဲပြီဆိုရင်တော့ ဘာမှလုပ်စားလို့မရ‌တော့ဘူး။” 

လက်ရှိအချိန် ကချင်ပြည်နယ်က နေရာတော်တော်များများမှာ မူးယစ်ဆေးဆုံးစွဲမှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ သိသိသာသာပေါများလာနေပြီး အခုအချိန်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုရဲ့ အမြင့်ဆုံး အခြေအနေဖြစ်တယ်လို့ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက မှတ်ချက်ပေးပြောဆိုပါတယ်။

မူးယစ်ဆေးသုံးစွဲမှုနဲ့ ရောင်ဝယ်ဖောက်ကားမှုတွေ များပြားလာတာဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာနေပြီး ကချင်ပြည်နယ်က လူထုအခြေပြု မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်း‌ရေးအဖွဲ့ ပတ်ဂျဆန်(Pat Ja San)အဖွဲ့ကလည်း ကိုဗစ်ကာလ ကတည်းက မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားရသလို အခုလို နိင်ငံရေးအခြေအနေနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ကလည်း အဆင်မပြေဖြစ်နေတယ်လို့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ပေါ်က လူငယ်တွေစုဝေးတဲ့ ကလပ်တွေ၊ ဘားတွေနဲ့ KTV တွေမှာလည်း ကိုကင်း၊ WY၊ ICE နဲ့ E  လို့ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေတဲ့ စိတ်ကြွမူးယစ်ဆေးမျိုးစုံကိုလည်း လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ပြီး လွတ်လပ်စွာ သုံးစွဲနေကြတယ်လို့ မြစ်ကြီးနားမြို့ပေါ်က လူငယ်တွေဆီကနေ သိရပါတယ်။

ကုသလမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ Cultivation, Production and Implications ဆိုတဲ့ စစ်တမ်းတခုထဲမှာ မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၄၀၅ မတ်ထရစ်တန် အထိရှိတယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013