Home
ဆောင်းပါး
စစ်တိရစ္ဆာန်တို့ရဲ့ လားရာဂတိ
DVB
·
June 21, 2022

ကုသိုလ်ကောင်းမှုမရှိသည့်နေရာလို့ အဓိပ္ပာယ်ရတဲ့ အပါယ်‌‌ ၄ ဘုံထဲမှာပါတဲ့ တိရစ္ဆာန်ဆိုတာ အိပ်၊ စား၊ ကာမဂုဏ် ခံစားဖို့သာသိပြီး သူတပါးခိုင်းတာကို ဆင်ခြင်တုံတရားမဲ့ လုပ်တတ်ပါတယ်။ အဲ့ဒီလို အချိန်ကုန်နေတဲ့အတွက် ဒါန၊ သီလ၊ ဘာဝနာ တခုမှ မလုပ်နိုင်ကြပါဘူး။ ဒီကနေ့ တပ်မတော်အမည်ခံ လက်နက်ကိုင်ဓားပြတပ်က စစ်ဗိုလ်စစ်သားတွေနဲ့ အရိုးအရင်းကိုက် မျိုးညစ်တွေဟာလည်း အိပ်၊ စား၊ ကာမဂုဏ်ခံစားဖို့နဲ့ အာဏာရှင်ခိုင်းစေတာ၊ အမိန့်ပေးတာကို ကိုယ်ပိုင်ဉာဏ်မရှိဘဲ လူသတ်ဆိုသတ်၊ မီးရှို့ဆိုရှို့ကြတာမို့ စစ်တိရစ္ဆာန်၊ မျိုးညစ်တိရစ္ဆာန်လို့ ခေါ်ရပါလိမ့်မယ်။

ပိုဆိုးတာက အဲဒီတိရစ္ဆာန်တွေဟာ ကျေးဇူးတရားကို နားမလည်ရုံသာမက နိုင်ငံတော်ရဲ့ မူလပိုင်ရှင် မိဘပြည်သူလူထုကို သူတို့စားခွက်ကိုပုတ်ချတဲ့ ရန်သူလို့ မှတ်ထင်ပြီး ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်လို့ ကျေးစွပ်နေကြတာဖြစ်တယ်။

ဒီစစ်တိရစ္ဆာန်အုပ်စုဟာ တဒင်္ဂရိက္ခာ ထမင်းတလုပ်အတွက် ပြီးခဲ့တဲ့ ၆ လတာကာလအတွင်း နိုင်ငံတဝန်းမှာ အကြမ်းဖက် ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အပါအဝင် ရာဇဝတ်ပြစ်မှုပေါင်း ၂,၈၀၀ နီးပါး ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့ပါတယ်။ ဒေသတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာနေတဲ့ စစ်တိရစ္ဆာန်တွေဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလို အနောက်မြောက်စစ်ဒေသအတွင်းက ပြည်သူလူထုရဲ့ အိုးအိမ် ၇,၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းသတင်းတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အနီရောင်စစ်ဆင်‌ရေး အမည်ခံပြီး ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်လာခဲ့တဲ့ သွေးသောက်အဖွဲ့ထဲမှာ စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့၊ မိုက်ကယ်ကျော်မြင့်တို့လို စစ်တပ်ထောက်ခံပွဲ‌တွေကို ဦးဆောင်သူတွေ၊ စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းတချို့ ပါဝင်နေတဲ့သတင်းတွေ ဖတ်ခဲ့ရပါတယ်။

တကယ်တော့ စစ်အခွင့်ထူးခံတွေ၊ စွမ်းအားရှင်၊ လက်ပတ်နီ၊ ပျူစောထီး၊ သွေးသောက်ဆိုသူတွေဟာ ဒီပုပ်ထဲက ဒီပဲ၊ ဒီစစ်မစင်တွင်းထဲက ချီးကျရာပျော်တဲ့ လောက်လန်းတွေချည်းပါပဲ။ အရှက်မဲ့ အသိဉာဏ် ဆင်ခြင်တုံတရားမဲ့ပြီး ကိုယ်ကျင့်သီလ အောက်တန်းကျ အဖတ်ဆည်မရတဲ့ အမိုက်မဲဆုံး သတ္တဝါမျိုးတွေစုပြီး မထူးဇာတ်ခင်းလို့ ခွင့်မလွှတ်ထိုက်တဲ့ ရာဇဝတ်မှုကြီးတွေကို မျက်ကန်းတစ္ဆေမကြောက် ကျူးလွန်နေကြတာပါပဲ။

မြတ်စွာဘုရားရှင်မှ လားရာဂတိငါးပါးအကြောင်း အောက်ပါအတိုင်း ဟောကြားတော်မူခဲ့တဲ့ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မဟာသီဟနာဒသုတ်ထဲမှာ ပါသလို စစ်တိရစ္ဆာန်တွေဟာ ရခဲတဲ့ လူ့ဘဝမှာတင် တိရစ္ဆာန်ဘုံကို ရောက်မည့်အကျင့်အတိုင်း ကျင့်ပြီး ကျူးလွန်နေကြတာပါ။

“သာရိပုတြာ ဤလောက၌ အချို့သောပုဂ္ဂိုလ်ကို “ဤပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တိရစ္ဆာန်ဘုံသို့ ရောက်မည့်အကျင့်အတိုင်း ကျင့်၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်း တက်၏။” နောက်အခါ၌ ထိုသူကိုပင် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ တိရစ္ဆာန်ဘုံသို့ ရောက်ကာ ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာကို ခံစားနေသည်ကို မြင်ရ၏။”

“သာရိပုတြာ ဥပမာအားဖြင့် နွေနေပူတို့ဖြင့် ပူလောင်နှိပ်စက်ခံရ၍ အစာရေစာ ဆာလောင်မွတ်သိပ်သဖြင့် ပင်ပန်းနွမ်းနယ်နေသော ယောကျ်ားသည် တကြောင်းတည်းသော လမ်းခရီးဖြင့် မစင်ဖြင့်ပြည့်သော တသူ (ငါးတောင်) ထက် ကျော်လွန်သည့် မစင်တွင်းကိုသာလျှင် ရည်ညွှန်း၍ လာရာ၏၊ ထိုသူကို မျက်စိအမြင်ရှိသော ယေကျ်ားသည် မြင်၍ “ဤအသျှင် ယောကျ်ားသည် မစင်တွင်းသို့သာလျှင် ရောက်မည့်လမ်းအတိုင်း သွား၏၊ ထိုအတိုင်းလည်း အားထုတ်၏၊ ထိုလမ်းသို့လည်းတက်၏” ဟု ပြောဆိုရာ၏။ နောက်အခါ၌ ထိုသူကိုပင် ထိုမစင်တွင်း၌ကျလျက် ဆင်းရဲလှစွာ ထက်မြက်ကြမ်းတမ်းသည့် ဝေဒနာ ခံစားနေရသည်ကို မြင်ရ၏” လို့ မြတ်စွာဘုရားရှင်က ဟောကြားခဲ့ပါတယ်။

အခုတော့ အဲဒီလို တိရစ္ဆာန်ဘုံကိုရောက်မယ့် အကျင့်အတိုင်း ကျင့်နေကြတဲ့ ဒီစစ်တိရစ္ဆာန်အုပ်စုတွေကို ပြည်တွင်းပြည်ပက လူယဉ်ကျေးအသိုင်းအဝိုင်းတွေရဲ့ ဝိုင်းဝန်းဆန့်ကျင်ခြင်း ခံရလို့ သူတို့အတွက် ရှင်သန်နိုင်တဲ့ နယ်‌မြေဘောင်က တနေ့တခြား ကျဉ်းသထက် ကျဉ်းလာနေပါပြီ။ နိုင်ငံရေးမျက်နှာစာ၊ စစ်ရေးမျက်နှာစာ၊ စီးပွားရေးမျက်နှာစာ၊ နိုင်ငံတကာ သံတမန်ရေးမျက်နှာစာ စတဲ့နယ်ပယ်အသီးသီးမှာ အ‌ရေးနိမ့်လို့ အထီးကျန်လာခဲ့ပြီ ဖြစ်ပါတယ်။

တဖက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ချင်း၊ ကရင်၊ ကချင်၊ ကယားက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်တဲ့ ထိုးစစ်တွေဟာ မုတ်သုံမိုးနဲ့အတူ နိုင်ငံအနှံ့ ရွာချလာတဲ့သတင်းတွေ ဆက်တိုက်ကြားလာရပါပြီ။

မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုနဲ့ စစ်တိရစ္ဆာန်တွေကို ရန်ငါးစည်း ခြားပေးခဲ့ပါတယ်။ အချုပ်အခြာအာဏာ ထိန်းသိမ်းဖို့၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့ဆိုတဲ့ အကြောင်းပြချက် ရွှေပြားမျက်နှာဖုံးတွေ အဖတ်လိုက်ကွာကျခဲ့ပြီး စစ်တိရစ္ဆာန် ရုပ်ကြမ်းကြီး ဘွားခနဲပေါ်လာခဲ့တာ မြန်မာသိ ကမ္ဘာသိ ဖြစ်ပါတယ်။

လက်သည်းအစွယ်ရှိတဲ့သတ္တဝါက ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျအနိုင်ယူတဲ့ တောရိုင်းဥပဒေသထက် ပိုဆိုးတဲ့ စစ်တိရစ္ဆာန်တွေဟာ သူတို့အာဏာတည်မြဲဖို့အတွက်ဆိုရင် သားရိုင်းတိရစ္ဆာန်တွေထက် ပိုဆိုးဝါးစွာ ရိုင်းစိုင်းယုတ်မာကြတယ်။ သားရိုင်းတိရစ္ဆာန်ဆိုတာ ဆာလောင်မှ တနေ့စာတနေ့ ရှာဖွေကိုက်ဖြတ် စားသောက်တတ်ပေမဲ့ စစ်တိရစ္ဆာန်တွေကတော့ တဘဝစာအတွက် လောဘရမ္မက်ကြီးစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ညှဉ်းဆဲ မီးတိုက်ဖျက်ဆီးလို့ အရွယ်ရောက်သူ၊ အရွယ်မရောက်သူ၊ သက်ကြီးရွယ်အို မသန်မစွမ်းတွေကအစ ကျင့်ဝတ် မစောင့်စည်းဘဲ သတ်ဖြတ်စားသောက်ကြတဲ့ သတ္တဝါဆိုးတွေ ဖြစ်ကြတယ်။

ဒါကြောင့်မို့လို့လည်း မြန်မာပြည်သူလူထုဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အဲဒီ စစ်တိရစ္ဆာန်တွေနဲ့ ပူးတွဲနေထိုင်လို့ မရတော့ဘူးဆိုတာ ဘဝတွေ အသက်တွေ၊ တသက်တာ စုဆောင်းထားခဲ့ရတဲ့ အိုးအိမ်မြို့ရွာတွေ ဆုံးရှုံးပေးဆပ်ခဲ့ရပြီးတဲ့နောက် နှလုံးသားထဲမှာ နာကျင်စွာ နားလည်သဘောပေါက်ခဲ့ကြသလို စစ်အာဏာရှင်စနစ်ကို အမြစ်လှန်ပစ်ဖို့ ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ပြီးကြပြီ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို အပြီးအပြတ်ချေမှုန်းဖို့ ပြည်သူတွေ စိတ်ပိုင်းဖြတ်ထားတဲ့ သာဓကအနေနဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်တဲ့ အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်းအပြီးမှာ ဒေသခံ ပြည်သူတွေဟာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို လက်နက်တပ်ဆင်‌ပေးဖို့ ကိုယ်မှာဝတ်ထားတဲ့ ရွှေကလစ်များ၊ ရွှေနားဆွဲများ၊ ရွှေနားကပ်များပါ ချွတ်ပြီး လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ကြစဉ်တုန်းကလိုပါပဲ။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ အထပ်ထပ် ကျူးလွန်နေကြတဲ့ တပ်မတော်အမည်ခံ လက်နက်ကိုင်ဓားပြတပ်က စစ်ဗိုလ်စစ်သားတွေနဲ့ အာဏာရှင်သစ္စာခံ နောက်လိုက်လက်ပါးစေတွေဆိုတာ မြန်မာလူ့ဘောင်က လက်သင့်မခံတော့တဲ့ စစ်တိရစ္ဆာန် သတ္တဝါဆိုးတွေဖြစ်ပြီး ရခဲတဲ့လူ့ဘဝမှာတင် တိရစ္ဆာန်ဘုံကို ရောက်မည့်အကျင့်အတိုင်း ကျင့်ပြီး ကျူးလွန်နေကြတာမို့ ပြည်သူလူထုတရပ်လုံးက တနိုင်ငံလုံး အတိုင်းအတာနဲ့ စုစည်းညီညွတ်စွာ အပြီးအပြတ် ချေမှုန်းတာကို မုချခံရပြီး လက်ရှိဘဝသာ အချည်းနှီးဖြစ်ရုံသာမက နောင်တမလွန်ဘဝများစွာမှာလည်း ငရဲ၊ တိရစ္ဆာန်၊ ပြတ္တာ၊ အသူရကယ် စတဲ့ ဒုဂ္ဂတိဘုံ‌တွေဆီကိုသာ လားကြရမှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024