Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် ရှမ်းနီလူငယ်ခေါင်းဆောင် ၁ ဦးကို PDF တပ်ဖွဲ့ကဖမ်းဆီး
DVB
·
June 21, 2022

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ရှမ်းနီစာပေယဉ်ကျေးမှုတောင်ပိုင်းတာဝန်ခံနဲ့ ရှမ်းနီလူငယ်ကွန်ယက်ဒုဥက္ကဋ္ဌ  စိုင်းဆေလိုင်း ( ခ ) စိုင်းကျန်အောင်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲလောက်ကPDF အဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့  ရှမ်းနီလူငယ်ကွန်ရက်အဖွဲ့က ထုတ်ပြန်ပါတယ်။

စိုင်းဆေလိုင်းဟာ ရှမ်းနီစာသင်ကြားရေးနဲ့ပတ်သက်လို့ ဦးပဥ္စင်း ၁ ပါးနဲ့အတူ မံကပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကိုသွားရောက်စဉ် PDF အဖွဲ့ဝင် ၂၀ လောက်က ကျောင်းပေါ်တက်လာပြီး ဖမ်းသွားတာလို့ ဗန်းမောက်မြို့နယ် ရှမ်းနီစာပေနဲ့ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး စိုင်းထွန်းမြင့်က ပြောပါတယ်။ 

“သူတို့လူ ၂၀ လောက် ကျောင်းပေါ်ကို ဖိနပ်စီးပြီး တက်လာတယ်။ ပြီးတော့ စိုင်းဆေလိုင်းကို မေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ။ ဘာကြောင့်မို့ ဖမ်းရသလဲဆိုတာ အကျိုးအကြောင်းလည်း မပြောဘူး။ သူက ရာဇဝတ်သားလည် းမဟုတ်ဘူးလေ၊ မူးယစ်ဆေးသုံးတာလည်း မဟုတ်ဘူး။ သူ့ဘာသာသူ စာပေအလုပ်လာလုပ်နေတာ ဒီလိုမဖမ်းသင့်ဘူးလို့ ဆရာတော်ကမိန့်တာ တောင်မရဘူး။ ကျောင်းဝင်းထဲမှာလည်း သေနတ်ကဖောက်လိုက်သေးတယ်။ လုံးဝမ လုပ်သင့်ဘူးလို့ ဆရာတော်ပြောပြပါတယ်။ ကျနော်တို့သိသလောက် သူ့မှာဘာရန်ငြိုးရန်စမှမရှိဘူး။ လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်တယ်။ ပြီးခဲ့တဲ့နှစ် ပြည်လုံး ကျွတ်ဆန္ဒပြပွဲတွေမှာလည်း လှုပ်ရှားခဲ့တာပဲ။ ရှမ်းနီစစ်သားနဲ့လည်း မပတ်သက်ဘူး။ အဲဒါ ဘာဖြစ်လို့ဖမ်းထားလဲဆိုတာ နားမလည်ဘူး။”

ဖမ်းဆီးခေါ်ဆောင်သွားတဲ့အဖွဲ့ဟာ PDF ယူနီဖောင်းဝတ်ဆင်ထားပြီး ဘယ်ဒေသဆိုတာတော့ မသိရကြောင်း၊ ဗန်းမောက်ဒေသခံ PDF လို့ယူဆရပြီး သူလွတ်မြောက်လာဖို့အတွက် နီးစပ်ရာ PDF အဖွဲ့တွေကို ဆက်သွယ်မေးမြန်းထားသလို ရှမ်းနီလူငယ်ကွန်ရက်အဖွဲ့ ၊ ဗန်းမောက် ၊ ဟုမ္မလင်း၊ အင်းတော်ကြီးစတဲ့ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့တွေပါ ကြေညာချက်တွေထုတ်ပြန်ပြီး  သူ့ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

သူ့ကိုပြန်မလွှတ်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ဒေသထဲအတူတိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခဖြစ်လာနိုင်ကြောင်း၊  အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း ဒီလိုဖြစ်ရပ်မျိုး ဘယ်တိုင်းရင်းသားလူမျိုးအဖွဲ့အစည်းပေါ်မှာမှ ကျူးလွန်ခြင်းမရှိဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထိန်းကျောင်းပေးဖို့ တောင်းဆိုထားတယ်လို့ စိုင်းထွန်းမြင့်က ပြောပါတယ်။ 

စိုင်းဆေလိုင်း ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ PDF တွေဘက်က ထုတ်ပြန်ကြေညာတာ မရှိသေးသလို ဒီအဖွဲ့တွေကို  ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024