
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့မနက်ပိုင်းက မီးရထားနေ့စားဝန်ထမ်း ၂ ယောက်ကို လက်လုပ်သေနတ်၊ မိုင်းတွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သံပိုက်၊ သံတိုသံစတွေ တွေ့လို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရထားပို့ဆောင်ရေးဌာနက နေ့စားဝန်ထမ်း ၂ ယောက်ဖြစ်တဲ့ ကိုရဲဝင်းနိုင်နဲ့ ကိုကျော်စိုးမင်းတို့ကို ဇွန် ၁၉ ရက်နေ့ မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ရေစကြိုမြို့ခံတယောက်က ဒီဗွီဘီကိုပြောပါတယ်။
“ဒီအဖြစ်ပျက်ကတော့ စစ်(...)တွေ တော်တော် သွေးပျက်နေပြီဆိုတာ သိသာထင်ရှားပြီးတော့ ဥပဒေမဲ့နိုင်ထက်စီးနင်းပြုလုပ်တာပဲဗျ။ ဒီသံတိုသံစတွေက ဘယ်နေရာမှာပဲ အသုံးပြုပြု ရနေတာပဲလေ။ အဲလိုတာဆိုရင် သံတိုသံစအဟောင်း ရောင်းဝယ်တဲ့ဆိုင်တွေ၊ သံဆိုင်တွေ ဖမ်းရင် ထောင်နဲ့တောင်ဆန့်မှာမဟုတ်ဘူး။ စစ်(...)တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို တကမ္ဘာလုံးသိအောင် ချပြလိုက်တာပဲ။”
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အချက်ချာကျတဲ့နေရာတွေနဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ ပိတ်ဆို့ စစ်ဆေးကာ အကြောင်အမျိုးမျိုးရှာပြီး ဥဒပဒေမဲ့ မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ၂ ယောက်ကိုတော့ ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ပိုဆောင်လိုက်တယ်လို့ သိရပြီး မိသားစုဝင်တွေ ဒီနေ့အချိန်ထိ တွေ့ခွင်မရသေးဘူးလို့ ဆိုပါတယ်။
မကွေးတိုင်ဒေသကြီးအတွင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဒီနေ့အထိ အပြစ်မဲ့ ပြည်သူ ၄၀၀ ကျော်ကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။