စစ်ကောင်စီတပ်က သတ်ထားသည့် ဆားလင်းကြီးပြည်သူ ၂ ဦး အလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က သတ်ဖြတ်ထားတဲ့ ပြည်သူ ၂ ဦးရဲ့ ရုပ်အလောင်းကို ဇွန် ၂၀ ရက် ညနေပိုင်းက တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တွေ့ရှိခဲ့ရတဲ့ ရုပ်အလောင်းတွေဟာ ဂုဏ်တောကျေးရွာမှ အမျိုးသား ၂ ဦးဖြစ်ပြီး ဇွန် ၁၆ ရက်နေ့က ရှောင်တိမ်းနေစဥ် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

အခုလို လုပ်ဆောင်တဲ့အဖွဲ့ဟာ ယင်းမာပင်မြို့ဘက်ကနေ ထွက်ခွာလာမယ့် စစ်ကောင်စီကားတန်းကို ကြိုတင်လုံခြုံရေးယူပေးတဲ့ တပ်ဖွဲ့က လုပ်တာဖြစ်ပြီး အဲဒီတပ်ဖွဲ့ဟာလည်း ဂုဏ်တောကျေးရွာဘုန်းကြီးကျောင်းအတွင်းမှာပဲ တပ်စွဲနေထိုင်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

သူတို့ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဘယ်နေ့က သတ်ဖြတ်ထားခဲ့တယ်ဆိုတာ ရက်အတိအကျ မသိရပေမယ့် ဇွန် ၁၆ ရက်နေ့ကတည်းက သတ်ဖြတ်ထားတာဖြစ်နိုင်ကြောင်းနဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေဟာ ဘုန်းကြီးကျောင်းအနီး ကိုင်းတောထဲမှာတွေ့ရှိခဲ့ပြီး သူတို့ရဲ့ခြေသလုံး ဒူးတွေမှာတော့ ဒဏ်ရာအချို့တွေ့ရှိရကာ ရုပ်အလောင်းတွေကိုတော့ ဒေသခံပြည်သူအချို့က မီးသင်္ဂြိဟ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီဘုန်းကြီးကျောင်းအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အနီးနားရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသလို ပြည်သူတချို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ဒီနေ့ချိန်အထိ အဆက်အသွယ်မရတဲ့သူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

//
More News
Up