လောင်းလုံးမြို့နယ်၌ ၅ ရက်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ ၃၀၀၀ ခန့် ရှိလာ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်နေမှုကြောင့် ၅ ရက်အတွင်း ထွက်ပြေတိမ်းရှောင်သူ ၃၀၀၀ လောက်ရှိပြီလို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၂၀ ရက် ညက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်များ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့နေအိမ် ၃ အိမ်မီးရှို့ခံခဲ့ရပြီး ၁ အိမ်က ပြာကျသွားတဲ့အထိ ပျက်စီးသွားပြီး ကျန်တဲ့ ၂ အိမ်က ပြည်သူတချို့အရဲစွန့်မီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် အနည်းငယ်သာ ပျက်စီးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၅ ရက်တာအတွင်း အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၈ ဦး အပါအဝင် စုစုပေါင်းဖမ်းဆီးခံထားရသူ ၂၆ ဦးရှိပြီး ဖမ်းဆီးခံထားရသူများကို လောင်းလုံးမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး တချို့ကို ပြန်လွှတ်ပေးနေတယ်လို့ ဆိုပါတယ်။

ဇွန် ၁၆ ရက်မှ ၂၀ ရက်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြုစုထားသော စာရင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အချိန်နဲ့ တပြေးညီ ပြည်တွင်းနဲ့ နိုင်ငံတကာသိရှိအရေးယူနိုင်ဖို့ နဲ့ နောက်တချိန်မှာ အကြမ်းဖက်ခံရပြီး ဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေရဲ့ တရားမျှတမှုအတွက် စနစ်တကျ မှတ်တမ်း ပြုစုနေတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူက ပြောပါတယ်။

မှတ်တမ်းပြုစုရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး၊ စကစရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မှတ်တမ်းတင်နေတဲ့ အဖွဲ့တွေ၊ မီဒီယာတွေနဲ့ စနစ်တကျ ချိတ်ဆောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု၊ CDM လှုပ်ရှားမှု အားကောင်းပြီး စစ်ကောင်စီနဲ့ PDF ထိတွေ့ တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ လောင်းလုံးမြို့နယ်ကို စစ်ကောင်စီက အင်အားအလုံး အရင်းနဲ့ အကြမ်းဖက်နေမှုကြောင့် အခက်အခဲဖြစ်နေတဲ့ ပြည်သူ နဲ့ CDM ဝန်ထမ်းတွေကို လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လတ်တလောအရေးပေါ်အခြေအနေမှာ ကူပေး နိုင်တာမှန်သမျှ ကူညီဆောင်ရွက်ပေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

//
More News
Up