
ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ စစ်ကောင်စီက ဒေသခံလူငယ်တွေကို တပ်ထဲဝင်ရင် ငွေကျပ် ၁၀ သိန်းနဲ့ ဆန်တအိတ်ပေးမယ်လို့ စည်းရုံးပြီး တပ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အင်အားပြုန်းတီးမှု များလာပြီး တပ်ထဲဝင်ထဲသူ မရှိသလောက်နည်းလာလို့ ခုလိုမျိုး ကျေးရွာတွေက လူငယ်တွေကို မက်လုံးပေးပြီး စည်းရုံးလာတာလို့ ဒေသခံတွေက ပြောပါတယ်။
မြောင်းမြဒေသခံတဦးက “စစ်ဆေးရေးဂိတ်တွေမှာ စုတာ သူတို့ရဲ့ သတင်းပေးတွေ ဒလန်တွေက တဖက်လှည့်နဲ့စုတာ သူတို့က တပ်သားသစ်ရရင် သူတို့လည်း ခွဲတမ်းရတယ်။ အဲ့တော့ လာသမျှ လူငယ်တွေကို ရစ်ပြီး ခြောက်လိုက် ချော့လိုက်နဲ့ စုနေတာ”လို့ ပြောပါတယ်။
မြောင်းမြမြို့အဝင်မှာရှိတဲ့ ကွယ်လယ်စစ်ဆေးရေးဂိတ်နဲ့ လပွတ္တာအထွက် မြို့ဦးကျောင်းထိပ် စစ်ဆေးဂိတ်တွေမှာ တပ်သားသစ်စုဆောင်းနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီအတွက် တပ်သားသစ်အဖြစ်စုဆောင်းပေးတဲ့ စစ်ကောင်စီသတင်းပေးတွေကိုလည်း တပ်သားသစ်တယောက်ရရင် ပွဲစားခအနေနဲ့ ကျပ် ၁၅ သိန်းပေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။